မုန်တိုင်းငယ်ကြောင့် တိုင်းနဲ့ ပြည်နယ် လေးခုမှာ မိုးကြီးနိုင်

RFA Burmese
2024.09.15
မုန်တိုင်းငယ်ကြောင့် တိုင်းနဲ့ ပြည်နယ် လေးခုမှာ မိုးကြီးနိုင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Photo

အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းမှာ ဖြစ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့ မနက်ကနေ နောက် ၂၄ နာရီအတွင်းမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးသည်းထန်တာနဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးတာအပြင် လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာ၀ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တဲ့အတွက် ကုန်းမြင့်မှာနေထိုင်သူတွေက မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်သူတွေက ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့ မိုး/ဇလက သတိပေးထားပါတယ်။

မြစ်၀ကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းက ပင်လယ်ပြင်အတွင်းမှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လေတိုင်းနှုန်းအမြင့်ဆုံး တစ်နာရီကို ၃၅ မိုင်အထိရှိနိုင်သလို လှိုင်းအမြင့်က ကိုးပေခန့်အထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေးပါအဝင် မြစ်၀ကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့ မုန်တိုင်းငယ်ကို သတိပြုကြဖို့ မိုး/ဇလက ဖော်ပြပါတယ်။

မြစ်ရေကြီးမှုတွေအနေနဲ့တော့ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ငါးပေခန့်၊ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့်နဲ့ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ငါးပေခွဲခန့် ကျော်လွန်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်းသုံးသိန်းနှစ်သောင်းကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ဦးအထိရှိလာကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။