မြောက်ဥက္ကလာ ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦး ထောင်ဒဏ်တစ်သက်ချမှတ်ခံရ
2023.03.23

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ကျောင်းသားများသမဂ္ဂက မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ အသက် ၂၀ အရွယ် ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက အခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန် ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ တစ်သက်တစ်ကျွန်းချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် လေးလနီးပါးအကြာမှာ အခုလို အမိန့်ချမှတ်ခံခဲ့ ရတာပါ။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌ ကိုဟိန်းထက် (ခ) ကိုပိုပိုကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ အာဏာသိမ်းတဲ့နေ့ကနေ ၂၀၂၃ မတ်လ ၂၃ ရက်နေ့ ဒီနေ့အထိ ဖမ်းဆီးခံထားရသူ (၁၆၉၅၄) ဦးရှိပြီး အဲ့ဒီအထဲက (၅၁၈၉) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၈) ဦးနဲ့ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး ရှိတာကြောင့် စုစုပေါင်း သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၀) ဦးရှိတယ်လို့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။