တွေ့ဆုံဆွေးနွေးရေး အချိန်မဝေးတော့ဟု ဒေါ်အောင်ဆန်းစုကြည်မျှော်လင့်
2010.12.16
နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာအပြီး စစ်အစိုးရနဲ့ တိုက်ရိုက်တွေ့ဆုံဖို့ ကြိုးစားခဲ့ပါသလားလို့ မေးမြန်းတဲ့အခါ မလုပ်ရသေးပါဘူး၊ ကျမပြောသမျှ မိန့်ခွန်းတွေ၊ တွေ့ဆုံမေးမြန်းမှုတွေက တဆင့်ပဲ ကျမအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို လိုလားကြောင်း၊ မတူညီတာတွေကို ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းနိုင်ရေးအတွက် ပြင်ဆင်ကြဖို့ဆိုတဲ့ သဘောတူညီချက်တခုဆီ ရောက်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဘာဖြစ်လို့ ဒီလိုတွေ့ဆုံဆွေးနွေးရေးအတွက် ခိုင်မာတဲ့ခြေလှမ်းတွေ မလှမ်းသေးတာလဲ ဆိုတဲ့ မေးခွန်းကိုတော့ -ကျမတို့ အချိန်ကောင်းကို စောင့်နေပါတယ်၊ အဲဒီအချိန်ကလည်း မဝေးတော့ဘူးလို့ မျှော်လင့်ပါတယ် လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ တရုတ်ပြည်တို့အပေါ် သဘောထားမေးမြန်းရာမှာတော့ ဒီနိုင်ငံတွေဟာ မိမိတို့နဲ့ အနီးကပ်ဆုံး နိုင်ငံတွေဖြစ်လို့ အရေးကြီးကြောင်း၊ အိန္ဒိယနဲ့ တရုတ်ပြည်တို့ဟာ မိမိတို့နဲ့လည်း ထိတွေ့ဆက်ဆံသင့်ကြောင်း၊ မိမိတို့ရဲ့ သဘောထားအမြင်တွေကိုလည်း အိန္ဒိယအစိုးရ၊ တရုတ်အစိုးရတို့နဲ့ တိုက်ရိုက် ပြောဆိုချင်ကြောင်း၊ အိန္ဒိယထက်စာရင် တရုတ်အစိုးရနဲ့က အဆက်အသွယ် လုံးလုံးမရှိပဲ ဖြစ်နေကြောင်း ပြောဆို ပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ လျူရှောက်ဘိုနဲ့ ပတ်သက်ပြီးပြောဆိုရာမှာ မိမိနေအိမ်အကျယ်ချုပ် ကျနေရတဲ့အတွက် သူ့အကြောင်း ရေဒီယိုတွေကတဆင့်သာ သိရကြောင်း၊ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီဟာ အင်မတန် လေးစားဖို့ ကောင်းတဲ့ အဖွဲ့ ဖြစ်တာမို့ လျူရှောက်ဘိုကို ရွေးချယ်ဖို့ အင်မတန် ခိုင်လုံတဲ့ အကြောင်းတွေ ရှိလိမ့်မယ်လို့ ယုံကြည်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့တွင်းမှာတောင် မြန်မာပြည်နဲ့ ပတ်သက်ပြီး သဘောထားတွေ အမျိုးမျိုး ကွဲပြားနေကြကြောင်း၊ အီးယူအနေနဲ့ တသံတည်း ထွက်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။
ဥရောပတိုင်းပြည်တွေထဲမှာ ဘယ်တိုင်းပြည်က ပိုပြီး တက်တက်ကြွကြွ ထောက်ခံလှုပ်ရှားတာကို တွေ့မြင်လိုပါသလဲလို့ ဂျာမန်သတင်းဌာနက မေးမြန်းတဲ့အခါ ဂျာမနီပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည် က ပြန်လည် ဖြေကြားခဲ့ပါတယ်။