တသီးပုဂ္ဂလ အမတ်လောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေ အတူ ပူးတွဲ လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

2010.11.19
election_candidate_giri_305_z.png တသီးပုဂ္ဂလ အမတ်လောင်း ဒေါ်ယုဇာမော်ထွန်းက ရွေးကောက်ပွဲ မဲဆွယ်နေရင်းဖြင့်၊ ရခိုင်ကမ်းရိုးတန်းသို့ တိုက်ခတ်သွားသည့် ဆိုင်ကလုံး ဂီရိ မုန်တိုင်း ဒုက္ခသည်များအတွက် အောက်တိုဘာ ၃၁ ရက်နေ့က အလှူငွေ ကောက်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီနေ့မနက် ၁၀ နာရီခွဲကနေ ၁၂ နာရီခွဲအထိ ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦး ဆွေးနွေး ခဲ့ကြတာပါ။

အဲဒီလို ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီး ဒီမိုကရက်တစ် ကွန်ရက် ပုံစံမျိုး ဖွဲ့စည်းလုပ်ဆောင်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ယုဇာမော်ထွန်းက ပြောပါတယ်။

“သူ့ကို ပြောနေတာက NLD ပါတီတခုတည်းကို ဒေါ်စုက ဆိုလိုတယ်မဟုတ်ဖူး။ သူက အကုန်လုံးကို ဒီလို ဒီမိုကရက်တစ် ကွန်ရက် တခုအနေနဲ့လည်း လုပ်မယ်ဆိုတော့ ဒါ အားရှိစရာပါ။ NLD အနေနဲ့လည်း ဒီအထဲမှာ ပါပြီးတော့ လုပ်မယ်။ နောက် လူတွေလည်း အကုန်လုံးကို ဖိတ်ခေါ်ပြီးတော့ ဒီကွန်ရက်အနေနဲ့ တိုင်းပြုပြည်ပြုတွေကို လုပ်ကြမယ်ဆိုတော့ ဥပဒေဘောင်ထဲကနေပြီးတော့ တရားဝင် လုပ်နိုင်တဲ့ဟာ အကုန်လုံးကို အခုနကလို အကူအညီလိုတဲ့ နေရာတွေမှာလည်း အကူအညီ ပေးသွားမယ်ပေါ့နော်။ အဲလိုမျိုး လုပ်မယ်ဆိုတာက တိုင်းပြည်အတွက် အားရှိစရာပါ။ အဲဒါကြောင့်လည်း ကျွန်မတို့က တကဲ့ကို ဝန်းရံပြီးတော့၊ ထောက်ခံပြီးတော့ ဝိုင်းဝန်း လုပ်ပေးချင်တဲ့ ဆန္ဒလည်း ရှိကြတယ်။”

ဒါ့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ကိုယ်စားလှယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဖက် အစည်းအဝေး အကြောင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်စန်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။