ဒီပဲယင်းက ရက်ရှည်စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲလာ
2024.09.05
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးဒုက္ခသည် တစ်သောင်းခန့်ဟာ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်သေးတာကြောင့် စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ဒီပဲယင်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က မြို့သိမ်းတိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ နောက်ပိုင်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေမှာ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးတာပါ။
ဒါ့ကြောင့် အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခု မြို့သိမ်းတိုက်ပွဲပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ အင်အား တစ်ရာ့ငါးဆယ်လောက် မြို့ပေါ်မှာ ဝင်ရောက်ပြီးတော့ တပ်စွဲနေရာချထားတာရှိတယ်ပေါ့ဗျာ။ ဝေဟင်ကနေပြီး သူတို့ ပို့ပြီးတော့။ အဲဒီလို နေရာယူထားပြီးတော့ မြို့ကိုဆက်တိုက်မီးရှို့နေတာ တွေ့ရတယ်။ မြို့ပေါ်ရပ်ကွက် ခြောက်ရပ်ကွက်လောက်နဲ့ ကံပြားရွာကို မနေ့ကအထိ ဆက်တိုက်မီးရှို့နေတာ”
မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေအထဲ ငွေကြေးမတတ်နိုင်သူတွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် နှစ်ထောင်ခန့်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီး စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ ဒီပဲယင်းအခြေအနေကို လက်တလော မသိရသေးဘူးလို့ စက်တင်ဘာလ ၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ဒီပဲယင်းမြို့ကို ဩဂုတ်လ ၁၈ ရက်နေ့မနက်အစောပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုနဲ့ စစ်အင်အားဖြည့်တင်းမှုလာမှုကြောင့် အဲဒီနေ့ ညနေပိုင်းမှာပဲ ပြန်ပြီးလက်လွှတ်ခဲ့ရပါတယ်။