တာချီလိတ်မှာ မိုးသည်းထန်စွာရွာပြီး မယ်ဆိုင်ချောင်း ရေလျှံလို့ ရပ်ကွက်အချို့ရေနစ်မြုပ်

2022.09.13
တာချီလိတ်မှာ မိုးသည်းထန်စွာရွာပြီး မယ်ဆိုင်ချောင်း ရေလျှံလို့ ရပ်ကွက်အချို့ရေနစ်မြုပ် ရေကြီးမှုကြောင့် အခက်အခဲဖြစ်နေသူများကို လူမှုကူညီရေးအသင်းတွေက ထမင်းဗူးများ ဝေငှပေးနေသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: ဦးလှမိုးလူမှုကူညီရေး (တာချီလိတ်)

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ စက်တင်ဘာလ ၁၂ ရက်မနေ့က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မယ်ဆိုင်ချောင်းရေလျှံပြီး အနီးအနား ရပ်ကွက် ငါးခုလောက်က နေအိမ်တွေ ဒီနေ့ နေ့လယ်ပိုင်းအထိ ရေနစ်မြုပ်နေတယ်လို့ တာချီလိတ် မြို့ခံတွေက ပြောပါတယ်။

မယ်ဆိုင်ချောင်း အနီးနားမှာရှိတဲ့ ပုန်းထွန်၊ တာလော၊ ဝမ်ကောင်း၊ မကာအိုခမ်း၊ မယ်ခေါင် စတဲ့ ရပ်ကွက်တွေက နေအိမ်တွေ ရေနစ်မြုပ်နေတာလို့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဆိုးဆုံးက မယ်ခေါင်ရပ်ကွက်ပေါ့နော်။ အနိမ့်ပိုင်းရောက်နေတော့ တက်သမျှ ရေတွေက အဲမှာသွားပြီး စုနေတဲ့ သဘောဖြစ်နေတာ။ အခု မိုးကတိတ်သွားပြီ ရေတော့ ဆက်မတက်လာတော့ဘူး။ မိုးဆက်မရွာဖို့ပဲ ဆုတောင်းနေရတယ်”

ရေဝင်တဲ့ အချို့အိမ်တွေက နီးစပ်ရာမိသားစုအိမ်တွေကို ရွှေ့ပြောင်းနေကြပေမယ့် တချို့ကတော့ နေအိမ် အပေါ်ထပ်မှာပဲ စုနေကြတဲ့အတွက် ထမင်းထုပ်ဝေးနိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ တာချီလိတ်မြို့ ဦးလှမိုး လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အခုတစ်ခေါက်က အရင်လောက်မဆိုးတော့ အများစုက အိမ်အပေါ်ထပ်မှာ နေကြ တာပေါ့။ ကျနော်တို့က အဲဒီအိမ်တွေကို ထမင်းထုပ်ဝေဖို့ လုပ်နေပါတယ်။ နောက်ပြီး အကူအညီ တောင်းလာတဲ့ အိမ်တွေကိုလည်းဆက်ပြီး ကူညီပေးနိုင်ဖို့ ချက်ပြုတ် နေကြတာလည်း ရှိတယ်”

ချောင်းရေလျှံလို့ ရေနစ်မြုပ်တဲ့ နေအိမ် နှစ်ရာကျော်လောက်အထိ ရှိနိုင်ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျလာတယ်လို့ ဆိုပါတယ်။

တာချီလိတ်မြို့မှာ အခုလို ရေလျှံတာဟာ တစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ကနေ ၁၃ ရက်နေ့ အထိ တစ်ပတ်ကျော် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ရေဘေးကူညီရေး လုပ်ဆောင်နေသူတွေနဲ့ တာချီလိတ်မြို့ခံ အချို့ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။