တာချီလိတ်မှာ မိုးရွာပြီးမြေပြိုလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံး

RFA Burmese
2023.05.14
တာချီလိတ်မှာ မိုးရွာပြီးမြေပြိုလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံး တာချီလိတ်တွင် မြေပြိုကျပြီး သေဆုံးခဲ့သည့် ရုပ်အလောင်းနှစ်လောင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က လူမှုကူညီရေးအသင်းမှ သယ်ဆောင်ခဲ့စဉ်။
ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မေလ ၁၄ ရက် မနက်အစောပိုင်း မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် ဝမ်မိုင် ရပ်ကွက်သစ်က နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး လူနှစ်ဦး သေဆုံးသွားတယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် (၂၃) နှစ်အရွယ် ကိုနေအောင်နဲ့ အသက် (၂၂) နှစ်အရွယ် မဇလပ်ဖြူတို့ ဇနီးမောင်နှံ ဖြစ်တယ်လို့ သေဆုံးရုပ်အလောင်းတွေ ရှာဖွေရေးလုပ်ခဲ့တဲ့ ဦးလှမိုး တာချီလိတ်လူမှုကူညီရေး အသင်း တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တာချီလိတ်မှာ ညတစ်နာရီလောက်ကမိုးရွာပြီး သုံးနာရီခွဲလောက်မှာ ရပ်သွားတယ်။ မိုးက ဆက်တိုက်ရွာတာ။ ဖြစ်စဉ်က သုံးနာရီလောက်မှာ ဖြစ်သွားတယ်လို့သိရတယ်။ ကျွန်တော်တို့ရှာဖွေရေးကို မနက်ပိုင်း မှာ လုပ်ခဲ့ရတယ်။ ကျွန်တော်တို့အဖွဲ့နဲ့မရတော့ သက်ဆိုင်ရာမီးသတ်တို့၊ တခြားအဖွဲ့တွေကို အကြောင်းကြားပြီးတော့ ရှာဖွေရေးတွေ လုပ်ခဲ့ရတယ်”

သူတို့နေအိမ်ရဲ့အနောက်ဘက်မှာ တောင်ကုန်းတွေကို မြေပြုပြင်ထားတာကြောင့် မြေပွဖြစ်နေပြီး အခုလို ပြိုကျသွားတာလို့ ဆိုပါတယ်။

သေဆုံးသွားသူတွေဟာ တာချီလိတ်မြို့ခံတွေမဟုတ်ကြဘဲ တခြားဒေသကနေလာပြီး အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုပ်အလောင်းတွေကိုတော့ တာချီလိတ်မြို့၊ ပါလျံ (၁) ရပ်ကွက်က ဘုန်းတော်ကြီး ကျောင်းမှာ ထားထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဦးတည်နေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်နဲ့ တိုင်းတွေမှာ လေပြင်းတိုက်တာ၊ မိုးဆက်တိုက်ရွာသွန်းနေတာတွေ ဖြစ်နေပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာလည်း မေလ ၁၄ ရက် ဒီနေ့မနက်ပိုင်းက အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး သစ်ပင်ပိ သေဆုံးခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။