တာချီလိတ် ရေဘေးမှာ သေဆုံးသူ ၁၄ ဦးရှိလာ
2024.09.16
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၄ ဦးအထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် သုံးနှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၁၇ ကနေ ၄၀ ကြားအရွယ်ရှိတဲ့ အမျိုးသမီး လေးဦးနဲ့ အမျိုးသား ကိုးဦး ပါဝင်ပါတယ်။
ဒါဟာ ရေကြီးရေလျှံမှုတွေစဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ ကောက်ယူရရှိထားတဲ့ စာရင်းတွေဖြစ်တယ်လို့ တာချီလိတ်မြို့မှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“မြေုပြိုတာရော၊ မယ်ဆိုင်ချောင်းထဲမှာ ရေစီးနဲ့မျောလာတဲ့ အလောင်းတွေရော၊ အကုန်စုပေါင်းရင် ၁၄ လောင်းရှိပြီပေါ့နော်။ မနေ့က တစ်ရက်ထဲမှာတင် လေးလောင်းထပ်တွေ့ပါတယ်”
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တာချီလိတ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး လတ်တလော အခြေအနေအရ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စက်တင်ဘာလ ၁၆ ရက် မနေ့ညနေပိုင်းအထိ ကောက်ယူထားတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦး ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။