တာချီလိတ်မှာ ချောင်းရေ ပြန်တက်လာလို့ ဒေသခံတွေ တိမ်းရှောင်

RFA Burmese
2024.09.29
တာချီလိတ်မှာ ချောင်းရေ ပြန်တက်လာလို့ ဒေသခံတွေ တိမ်းရှောင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရပ်ကွက်တစ်ခုမှ ရေဘေးသင့်ပြည်သူ ၁၅၀ အား သုံးငွေ၊ စားသောက်ကုန်နှင့် အဝတ်အထည်အချို့ ကို ဦးလှမိုး လူမှုကူညီရေးအသင်းက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် လှူဒါန်းခဲ့စဉ်။
Facebook/ Ko Hla Moe (တာချီလိတ်လူမှုကူညီရေးအသင်း)

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းကစလို့ မယ်ဆိုင်ချောင်းနဲ့ ပုံလို့ချောင်းရေတွေ ပြန်တက်လာတာကြောင့် ချောင်းအနီးရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၄ ရက်အထိ တာချီလိတ်မြို့နဲ့ အနီးတစ်ဝိုက် မိုးများနိုင်တာကြောင့် မယ်ဆိုင်ချောင်းရေတက်လာနိုင်ပြီး ရေကြီးရေလျှံလာနိုင်တယ်လို့ အရပ်ဘက် မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်ကနေ သတိပေးထားတာပါ။

ချောင်းရေထပ်တက်လာတာအပြင် မိုးကြီးတာနဲ့ ရေလျှံတာတွေ ဖြစ်နိုင်တဲ့ဆိုတဲ့ သတင်းကြောင့်လည်း ချောင်းအနီး နေထိုင်သူတွေ ကြိုတင်တိမ်းရှောင်ကြတာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"တာချီလိတ်မှာ မိုးမရွာဘဲနဲ့ တောင်ထိပ်မှာ ရွာတော့ တောင်ကျရေတွေ ကျလာတဲ့အတွက် နည်းနည်းရေတိုးလာတယ်။ မနေ့ညကတော့ နည်းနည်းတက်လာတယ်။ ၃၀ ရက်နေ့ကနေ ၄ ရက်နေ့ထိ ရေတက်နိုင်တယ်လို့ ကြေညာထားတော့ ရွှေ့ပြောင်းနေကြသူတွေလည်း ရှိပါတယ်။ ချောင်းဘေးတစ်လျှောက် အနိမ့်ပိုင်းရပ်ကွက်တွေက အဆင်ပြေရင် ပြေသလို သက်ဆိုင်ရာနေရာတွေမှာ ရွှေ့ပြောင်းနေကြတယ်။ တချို့ကျတော့ ပထမ ရေတက်ချိန်က အိမ်တွေပါသွားတာလည်း ရှိတယ်။ တချို့ကျတော့ နွံတွေကျန်ခဲ့တော့ သန့်ရှင်းရေးပြန်လုပ်ရတယ်။ ပြန်လည်ထူထောင်ရေးတွေတောင် ပြီးအောင် မလုပ်ရသေးဘူး။ နောက်တစ်ခေါက် ထပ်ရှောင်နေရတဲ့ အခြေအနေပေါ့"

ချောင်းဘေးတစ်လျှောက်မှာရှိတဲ့ တာလော့၊ ဆန်ဆိုင်း၊ မယ်ခေါင်၊ မကာအိုခမ်း၊ ပုန်းထွန် စတဲ့ရပ်ကွက်တွေက အိမ်ထောင်စု နှစ်ထောင်ခန့် တိမ်းရှောင်ကြတယ်လို့ သူကပြောပါတယ်။

တာချီလိတ်မြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့စတင်ခဲ့တဲ့ ပထမကြိမ် ရေကြီးရေလျှံမှုတွေနဲ့ မိုးကြီးပြီး မြေပြိုမှုတွေကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦးအထိရှိလာပြီး သီးနှံစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။