တာချီလိတ် မြေပြိုမှု သေဆုံးသူ ရှစ်ဦးအထိ ရှိလာ
2024.09.16
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်နဲ့အားခေရွာမှာ မိုးကြီးပြီး မြေပြိုကျတာကြောင့် သေဆုံးသူ ရှစ်ဦးနဲ့ ဒဏ်ရာရသူ သုံးဦးအထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက စက်တင်ဘာလ ၁၆ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့မှာ မြေပြိုကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက နေ့စဉ် လိုက်လံရှာဖွေရာမှာ ရုပ်အလောင်းတွေကို တွေ့ခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၁၇ နှစ်ကနေ ၄၀ ကြား အရွယ်ရှိတဲ့ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှုများပြီး မြေပြိုကျချိန်မှာ ဒေသခံတွေ အသက်ရှူကျပ်ပြီး သေဆုံးခဲ့တာလို့ တာချီလိတ်မြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးတဲ့ ရှစ်ဦးထဲမှာ မိသားစုတစ်စုလုံး သေသွားတာ ပါတယ်။ မိုးအရမ်းများတဲ့အချိန် တောင်ကျရေကြောင့် မြေတွေအိပြီး ပြိုကျတာ။ တော်တော် ခက်ခက်ခဲခဲ ရှာထုတ်ရတာ။ အများစုကတော့ မြေပိပြီး ဆုံးကြတာ မဟုတ်ဘဲ အောက်စီဂျင်ပြတ်ပြီး ဆုံးကြတာပါ”
သေဆုံးသူ ရှစ်ဦးထဲမှာ ကိုဝေလင်းထွန်း၊ မောင်ဇင်ဝင်းထွန်း၊ မသီသီအောင်နဲ့ မောင်ဟိန်းထက်ဇော်တို့ရဲ့ နာမည်တွေကိုသာ လတ်တလော သိရသေးတယ်လို့ သူက ဆိုပါတယ်။ မြေပြိုမှုနေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီလို့လည်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ ဒီနေ့မှာတော့ မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့ပေါ်ရပ်ကွက် တချို့မှာ အနည်းငယ်ပြန်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေဖြစ်လို့ နိုင်ငံတစ်ဝန်း လူပေါင်း သုံးသိန်းနှစ်သောင်းကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ဦးအထိရှိလာကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။