တာချီလိတ်မှာ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ
2023.03.23
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ သေနတ်ကိုင်လူလေးဦးက မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်က တရုတ်နိုင်ငံသားပိုင် ကုန်စုံဆိုင်တစ်ဆိုင်ကို နှာခေါင်းစည်းတပ်ဆင်ထားပြီး သေနတ်အရှည်တစ်လက်နဲ့ အတိုတစ်လက် ကိုင်ဆောင်လာတဲ့ လူလေးဦးရောက်လာပြီးနောက် ဆိုင်ပိုင်ရှင် တရုတ်အမျိုးသမီးကို ဖမ်းဆီးသွားတာပါ။
RFA က ရရှိထားတဲ့ CCTV မှတ်တမ်းထဲမှာ လာရောက်ဖမ်းဆီးသူတွေဟာ သူဌေးဘယ်သူလဲလို့ တရုတ်စကားနဲ့မေးပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။
တာချီလိတ်ဒေသခံတစ်ဦးက… လာရောက်ဖမ်းဆီးသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေမဟုတ်သလို၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မဟုတ်ဘူးလို့ ပြောပါတယ်။
တာချီလိတ်မြို့ခံ နောက်တစ်ဦးကလည်း… ဒါဟာ PDF တွေမဟုတ်ဘဲ တရုတ်လူမျိုးအချင်းချင်း ငွေကြေးပိုင်းဆိုင်ရာတွေကြောင့် ဖမ်းသွားတာ ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့ပေါ်ကို မိုင်းလား၊ ပန်ဆန်းနဲ့ ရွှေကုက္ကိုက "ကျားဖျင့်" ဆိုတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ မူးယစ်ဆေးဝါးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ တရုတ်လူမျိုး ၉၀ ရာခိုင်နှုန်းလောက် ရွှေ့ပြောင်းအခြေချလာပြီး တရုတ်လုပ်ငန်းရှင်အတော်များများ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာတွေ များလာတယ်လို့ ပြောပါတယ်။
တာချီလိတ်မြို့ပေါ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းကလည်း လုံခြုံရေး စိစစ်ကြပ်မတ်တာမရှိဘဲ အလိုတူအလိုပါလို ဖြစ်နေတဲ့အတွက် သတင်းမီဒီယာတွေမှာ ဖြေဆိုဖို့တောင် အသက်နဲ့ရင်းထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် Telegram လူမှုဆက်သွယ်ရေးစာမျက်နှာတွေမှာတော့ အဲဒီအမျိုးသမီးကို PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရေးသားထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိမ်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။