တံတားဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ငါးဦး သတ်ဖြတ်ခံရ

RFA Burmese
2023.05.30
တံတားဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ငါးဦး သတ်ဖြတ်ခံရ တံတားဦးမြို့အဝင် တစ်နေရာကို တွေ့ရစဉ်။
CJ Platform

မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ထောက်ရစ်ရွာမှာ မေလ ၂၆ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရပ်/ကျေးဥက္ကဋ္ဌအပါအဝင် ပါတီဝင်ငါးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြစ်စဉ်ဖြစ်သွားတယ်။ ငါးယောက် အသတ်ခံလိုက်ရတယ်။ မြင်းခြံ၊ တောင်သာဘက် ထွက်တဲ့နေရာတွေနဲ့ ဂိတ်တွေမှာ စစ်ကောင်စီက တော်တော်တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်။ တံတားဦးမှာလည်း မြို့ခံတွေကို ဧည့်စာရင်းစစ်တယ်။ ဖမ်းသွားတာတွေလည်းရှိတယ်။ ဘယ်နှစ်ဦးအဖမ်းခံရလဲဆိုတာတော့ တိတိကျကျ မပြောနိုင်သေးဘူး”

အမည်မသိအဖွဲ့တစ်ခုက လက်နက်ကိုင်ဆောင်လာသူတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေရဲ့ နေအိမ်တွေထဲကို ဝင်ရောက်ပြီး ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောတယ်။

အသတ်ခံရသူတွေရဲ့ အမည်နဲ့အသက်အရွယ် အသေးစိတ်ကိုတော့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကတော့ ပါတီဝင်ငါးဦး အသတ်ခံရတဲ့ကိစ္စ ပါတီဌာနချုပ်ကို သတင်းတက်လာပေမယ့် သူ့အနေနဲ့ အသေးစိတ်မသိဘူးလို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ ပါတီဝင်နှစ်ထောင်ကျော် သတ်ဖြတ်ခံထားရတယ်လို့လည်း USDP ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မေလ ၂၉ ရက်အထိ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် အသတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၃၅၈၈ ဦးအထိ ရှိပါပြီ။

စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ PDF တွေဘက်ကတိုက်ခိုက်လို့ သေဆုံးရသူ အရပ်သား ၄၆၄၅ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။