တနင်္သာရီမြို့နယ်က ရေဘေးဒုက္ခသည်တွေ ဗုံးကြဲတိုက်ခိုက်ခံရ
2024.07.31
ရေကြီး ရေလျှံမှုတွေ ကြုံနေရတဲ့ တနင်္သာရီမြို့နယ်က ရေဘေးဒုက္ခသည်တွေ ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲက မြစ်ကမ်းဘေးကရွာတွေဖြစ်တဲ့ တကူ၊ ဝမ်းနား၊ ကျောက်စရစ်၊ လယ်သစ် ရွာအပါဝင် ရွာပေါင်း သုံးဆယ်ခန့်က ဒေသခံတွေ ရေဘေးဒုက္ခကြုံနေကြရတာပါ။ ရေဘေးကြုံရတဲ့အရေအတွက်ကိုတော့ ရွှေ့ပြောင်းနေဆဲဖြစ်တာကြောင့် အသေးစိတ် မသိရသေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ရေနစ်မြုပ်နေတဲ့ လယ်သစ်ရွာကို ဇူလိုင်လ ၃၀ ရက် မနေ့ ညနေတုန်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
“မနေ့က ဗုံးအလုံး နှစ်ဆယ် ချသွားတယ်။ ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ ချသွားတယ်။ MI 2 ရဟတ်ယာဉ်နဲ့ လာချသွားတာ။ အထိအခိုက် အသေးစိတ်ကို မသိရသေးဘူး။ အနောက်ခြမ်းမှာ သူတို့အင်အားတွေ ရောက်နေတာဖြစ်တဲ့အတွက် အရှေ့ခြမ်းကို အဓိကထားပြီး ဗုံးကြဲသွားတာ”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲ ရေနစ်မြုပ်နေတဲ့ ရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးဖို့ လုပ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ တကူတိုက်နယ်၊ ပြည်အေးရွာက ဒေသခံအမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရေဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အကူအညီတွေလိုနေပြီး ရက်ရှည် ဖြစ်လာရင် အခက်အခဲပိုကြုံရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ဇူလိုင်လ ၃၁ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ တနင်္သာရီမြစ်ရေဟာ ၃၁ ပေထိ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ရဲ့ ခုနစ်ပေခန့် မြင့်တက်နေတယ်လို့ ဖော်ပြပါတယ်။