ကော့သောင်းမှာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံး
2024.10.16
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ၁၉ မိုင်ရွာမှာ သန်းခေါင်စာရင်း ကောက်ယူသူတွေ စုဝေးနေတဲ့နေရာကို ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပျူစောထီးအဖွဲ့ဝင် နှစ်ဦး သေဆုံးတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၅ ရက် နေ့ညပိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ သန်းခေါင်စာရင်း ကောက်ယူပြီးစီးတဲ့ အထိမ်းအမှတ်ပွဲ လုပ်နေစဉ်မှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာလို့ ကောသောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“သန်းခေါင်စာရင်း ကောက်ပြီးတော့ ၁၅ ရက်နေ့ညကျတော့ အောင်မြင်ပြီးဆိုပြီး စားပွဲသောက်ပွဲ လုပ်ပြီးတော့ အောင်ပွဲခံနေတဲ့ အချိန်မှာ သွားတာပေါ့။ အကုန်လုံးစုဖွဲ့နေတဲ့ အချိန်ကိုသွားတာ။ ဒါပေမဲ့ ကျွန်တော်တို့လူတွေ ရောက်သွားတဲ့အချိန်မှာ ပြန်တဲ့လူတွေကလည်း ပြန်သွားကြပြီ။ ခုနစ်ယောက်လောက်ပဲ ကျန်တော့တာ။ ပြေးတဲ့လူတွေကလည်း ပြေးပေါ့။ ပစ်ခံရတဲ့ နှစ်ယောက်ကတော့ ပြန်ခုခံတာပေါ့”
သေဆုံးသူ နှစ်ဦးဟာ ဦးနောင်နီနဲ့ ဦးဘဦးတို့ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်သလို စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှာ ပါဝင်သူတွေလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကော့သောင်းမြို့နယ်ထဲမှာ ကောက်ကွက်တစ်ကွက်ကို လုံခြုံရေးအင်အား တစ်ရာကျော်နဲ့ သန်းခေါင်စာရင်း ကောက်ယူခဲ့ပေမဲ့ တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်တာ မရှိဘဲ ကော့သောင်းမြို့ အနီးတစ်ဝိုက်ပဲ ကောက်ယူနိုင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
သန်းခေါင်စာရင်း ကောက်ယူနေချိန် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့က မြို့နယ် ခြောက်ခုထက်မနည်းမှာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူခဲ့ပေမဲ့ မပြီးစီးသေးတဲ့ ဒေသတွေကို သန်းခေါင်စာရင်း ဆက်လက်ကောက်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က RFA ကို အောက်တိုဘာ ၁၆ ရက် ဒီနေ့မှာ ပြောထားပါတယ်။