ပုလောမှာ မိုင်းဆွဲခံရပြီးနောက် စစ်တပ်ကပစ်လို့ ဒေသခံ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

RFA Burmese
2023.08.26
ပုလောမှာ မိုင်းဆွဲခံရပြီးနောက် စစ်တပ်ကပစ်လို့ ဒေသခံ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ တနင်္သာရီမြို့အနီး လမ်းတစ်နေရာအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား နှစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေဘက်ကို တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လမ်းသွားလမ်းလာတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တာပါ။

ဩဂုတ်လ ၁၇ ရက်ည ၇ နာရီဝန်းကျင်မှာ ပုလောမြို့နယ်အတွင်း လုံခြုံရေးကင်းလှည့် နေတဲ့ စစ်ကောင်စီကား နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က အခုလို ပစ်ခတ်မှုတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၃ ရက်က ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၃ ရပ်ကွက်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သြဂုတ်လ ၁၇ ရက်မှာလည်း ပလမြို့အဝင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လို့ အမျိုးသားသုံးဦး ထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။

သြဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာတော့ ပလမြို့၊ သင်္ဃန်းတောရွာနဲ့ အမှတ် ၁ ရပ်ကွက်အတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပုလောမြို့နယ်မှာ လက်တလော အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို တနင်္သာရီတိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တနင်္သာရီတိုင်းမှာ တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၃၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။