တနင်္သာရီဂျာနယ် အမှုအယူခံ ထားဝယ်ခရိုင်တရားရုံး ပယ်ချ
2019.05.03
တနင်္သာရီဂျာနယ်ကို တနင်္သာရီတိုင်းအစိုးရက တရားစွဲထားတဲ့ အမှုအယူခံကို ထားဝယ်ခရိုင်တရားရုံးမှာ ဒီနေ့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်တရားရုံးမှာ ဧပြီလ၂ဝ ရက်နေ့က နှစ်ဖက်အပြီးသတ် လျှောက်လဲချက် ပေးခဲ့တာ ဖြစ်ပါတယ်။
တနင်္သာရီဂျာနယ်မှာ ကလောင်ရှင် မူးဆေးအို ရေးသားတဲ့ မဲဆွယ်အပြုံး သရော်စာကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က ထည့်သွင်းဖော်ပြခဲ့တာဟာ တနင်္သာရီတိုင်းအစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)နဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် လက်ထက် တိုင်းအစိုးရက တရားစွဲခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုကို ထားဝယ်မြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထောင်ဒဏ် ခြောက်လ (ဒါမှမဟုတ်) ဒဏ်ငွေ ငါးသိန်းပေးဆောင်ဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။
တနင်္သာရီဂျာနယ်က ဒဏ်ငွေ ငါးသိန်းပေးဆောင်ထားပြီး မြို့နယ်တရားရုံး ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ ထားဝယ်ခရိုင် တရားရုံးမှာ အယူခံတင်သွင်းထားတာဖြစ်ပါတယ်။
တနင်္သာရီ ဂျာနယ်ကို ပြစ်ဒဏ်ချမှတ်ခဲ့တာအပါအဝင် သရော်စာရေးသားမှုတွေကို တရားစွဲဆိုတာတွေ ဖမ်းဆီးတာတွေကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။