သံတောင်ကြီးမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံး
2023.09.07

ကရင်ပြည်နယ်၊ သံတောင်ကြီးမြိုနယ်၊ ပျားစခန်းရွာထဲကို စက်တင်ဘာလ ၅ ရက်နေ့က လက်နက်ကြီး ရွာထဲကို ကျရောက်ပေါက်ကွဲလို ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို ဒေသခံတွေကပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ကိုးနှစ်အရွယ် မောင်ရဲရင့်ထွေးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး နေအိမ်ခြံဝင်းထဲ လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတောင်ကြီး ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“လက်နက်ကြီးက အိမ်ထဲကျသွားတာ အမျိုးသားကြီးကတော့ ပွဲချင်းပြီးသေတယ်။ ကလေးက သူ့အိမ်ကို အလည်သွားရင်းဖြစ်သွားတာ။ ကလေးက ဖြစ်ဖြစ်ချင်း လက်တစ်ဖက် ပြတ်သွားတယ်။ ပြီးတော့ ဗိုက်ကွဲသွားပြီး အူတန်းလန်းနဲ့ထွက်ပြေးတာ။ အိမ်တစ်အိမ်လောက်အထိ သူပြေးသေးတယ်။ ပြီးတော့လဲသွားပြီး အဲဒီအချိန်မှာ ဆေးရုံပို့ဖို့လုပ်ရင်း လမ်းမှာပဲသေသွားတာ”
အဲဒီလက်နက်ကြီးဟာ သံတောင်မြို့ ၁၃ မိုင်မှာ အခြေစိုက် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးလို့ ပြောဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အဲဒီနေ့က နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ ပျားစခန်းရွာထဲကို ပစ်ခတ်တာဖြစ်ပြီး အရင်ကလည်း မကြာခဏ အဲဒီလိုပစ်ခတ်နေတာကြောင့် စိုးရိမ်စိတ်တွေနဲ့ နေထိုင်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် သံတောင်ကြီးမြို့အဝင် ၄ မိုင်နဲ့ ၇ မိုင် စစ်ဆေးဂိတ်တွေမှာလည်း စစ်ကောင်စီ တပ်သားတွေက ဒေသခံတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်နေတယ်လို့ သံတောင်မြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၄,၀၄၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။