တန့်ဆည်မြို့က လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ် သုံးဆယ်နီးပါး ဖမ်းဆီးခံရ

RFA Burmese
2023.09.26
တန့်ဆည်မြို့က လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ် သုံးဆယ်နီးပါး ဖမ်းဆီးခံရ တန့်ဆည်မြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ဈေးဟာင်းအနီးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို စက်တင်ဘာလ ၂၅ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ဆိုင်မှာထိုင်နေတဲ့ လူငယ် သုံးဆယ်နီးပါးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ဖက်ရည်ဆိုင်ကို မနက်ပိုင်းမှာတစ်ကြိမ်၊ ညနေပိုင်းမှာတစ်ကြိမ် နှစ်ကြိမ်စီးနင်းပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်ပိုင်း ၉ နာရီလောက်က သုံးယောက်ဖမ်းသွားတယ်။ ညနေပိုင်းထပ်လာပြီး ၂၀ ကျော် ဖမ်းသွားသေးတာ။ မနေ့ကတော့ သူတို့က ဈေးတွေပိတ်ခိုင်းတော့ ပိတ်လိုက်ရတယ် "

ဖမ်းဆီးခံရသူတွေဟာ အမျိုးသားတွေဖြစ်ပြီး ဘာကြောင့် အခုလိုဖမ်းဆီးလဲဆိုတာ မသိရသေးဘူးလို့ သူက ပြောပါတယ်။

စက်တင်ဘာလ၂၆ ရက် ဒီကနေ့မနက်မှာတော့ ဖမ်းဆီးထားတဲ့သူတွေကို တန့်ဆည်မြို့ ရွှေလမ်းဆုံ စစ်ကောင်စီဂိတ်ကို ခေါ်သွားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တန့်ဆည်မြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ဟောင်း နေရာနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.ဝ.က) ရုံးနေရာကို စက်တင်ဘာလ ၂၁ ရက် ညသန်းခေါင်အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့ပါ တယ်။

အဲဒီတိုက်ခိုက်မှုနောက်ပိုင်း တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် စစ်ကောင်စီတပ်က တန့်ဆည်မြို့အနီးက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ နဲ့ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉၂၆၄ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။