တောင်တွင်းကြီး NLD တိုင်းလွှတ်တော် ကိုယ်စားလှယ် ဖမ်းဆီးခံထားရ

RFA Burmese
2023.05.13
တောင်တွင်းကြီး NLD တိုင်းလွှတ်တော် ကိုယ်စားလှယ် ဖမ်းဆီးခံထားရ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုအား တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကို မေလ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခံရလိုက်ရတယ်လို့ ဒေသခံတွေက မေလ ၁၃ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

မေလ ၉ ရက်ညနေပိုင်း ရန်ကုန်တိုင်း၊ ထောက်ကြန့်စစ်သင်္ချိုင်းအနီးက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးအောင်ကိုကိုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရန်ကုန်ကိုလာပြီးအပြန် အဝေးပြေးလိုင်းကားပေါ်မှာ ဖမ်းဆီးခံလိုက်ရတာ။ အခုချိန်အထိ ဘယ်မှာဖမ်းထားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ အဆက်အသွယ် မရသေးပါဘူး ”

ဦးအောင်ကိုကို ဖမ်းဆီးခံရတဲ့ညမှာပဲ သူ့ရဲ့ဆွေမျိုးတော်စပ်သူ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ထပ်မံဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ဦးအောင်ကိုကိုနဲ့ နီးစပ်သူက ပြောပါတယ်။

အသက် ၄၃ နှစ်အရွယ် ဦးအောင်ကိုကိုဟာ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။

ဦးအောင်ကိုကိုဟာ မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့နဲ့ တောင်တွင်းကြီးမြို့နယ် NLD လူငယ်လုပ်ငန်းအဖွဲ့ တွဲဘက်တာဝန်ခံတစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီရဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးခံနေရသလို သူတို့ရဲ့နေအိမ်တွေလည်း ချိပ်ပိတ်ခံနေရတာရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီး၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထောင်ချခံနေရတာပါ။

NLD ပါတီရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းနှစ်နှစ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၂၄ ဦးရှိပြီး အဲဒီအထဲက ကိုယ်စားလှယ် ၈၀ ဦးကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။