တောင်ကြီးနဲ့ လားရှိုးအကျဉ်းထောင်က အကျဉ်းသား ၅၉ ဦး လွတ်မြောက်
2023.05.03

စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက် ကဆုန်လပြည့်နေ့အထိမ်းအမှတ် လွတ်ငြိမ်း သက်သာခွင့်ထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်လေးလုံးအကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသူ ၄၆ ဦးနဲ့ ရှမ်းမြောက် လားရှိုးအကျဉ်းထောင်က ၁၃ ဦး ဒီမနက်မှာ လွတ်မြောက်လာတယ်လို့ လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူ တွေက ပြောပါတယ်။
ညောင်ရွှေမြို့နယ် တောင်လေးလုံးထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ တောင်ကြီး မြို့က ၁၅ ဦးပါဝင်ပြီး အများစုက လွတ်ရက်နီးတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာတော့ အမျိုးသား ၁၁ ဦး၊ အမျိုးသမီးနှစ်ဦးပါဝင်ပြီး အများစုက မူဆယ်မြို့ကဖြစ်တယ်လို့ ကိုယ်တိုင်လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။
“အခုလွတ်လာတဲ့အထဲမှာက မူဆယ်က အများဆုံးပဲဗျ။ ဆရာဝန်တစ်ယောက်လည်း ပါတယ်။ ပြီးတော့ ကွတ်ခိုင်က ကျူရှင်ဆရာတစ်ယောက်ပါတယ်။ အားလုံးက ၅၀၅-က နဲ့ကျတဲ့သူတွေပဲ။ ၅၀၅ ကို တခြားအမှုတစ်ခု ကပ်ထားရင်တော့ မလွတ်ဘူး၊ အခု လွတ်လာတဲ့ သူတွေကလည်း လွတ်ဖို့ လပိုင်းကျန်တဲ့သူတွေပဲ”
ပြန်လွတ်လာသူတွေအနေနဲ့ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် လက်ရှိကျန်နေတဲ့ ပြစ်ဒဏ်ကိုပါ ထပ်မံ ကျခံရမယ်ဆိုတဲ့ ခံဝန်လက်မှတ်ထိုးခဲ့ရတယ်လို့ ပြန်လွတ်လာသူ တွေက ပြောပါတယ်။
လားရှိုးအကျဉ်းထောင်ကနေ လွတ်လာသူတွေထဲမှာ မူဆယ်က ရှစ်ဦး၊ လားရှိုးက နှစ်ဦး၊ ကွတ်ခိုင်၊ ဟိုပန်နဲ့ ကျောက်မဲမြို့တွေက တစ်ဦးစီ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဖမ်းဆီးခံထားရသူ ၁၇,၈၉၇ ဦးရှိပြီး ထောင်ဒဏ် ချမှတ်ခံထားရသူ ၅၈၃၉ ဦး ရှိပါတယ်။
အဲဒီအထဲမှာ သေဒဏ်ချမှတ်ခံထားရသူပေါင်း ၁၁၂ ဦးရှိတယ်လို့ AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။