စစ်တောင်းမြစ်ရေ တက်လာပြီး တောင်ငူမြို့နယ်က ရွာတချို့ ရေဝင်နစ်မြုပ်
2024.08.03
စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် ပဲခူးတိုင်း တောင်ငူမြို့နယ်က စစ်တောင်းမြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ ရွာဆယ်ရွာထက်မနည်း ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက သြဂုတ်လ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။
သြဂုတ် ၂ ရက်နေ့ မနက်ပိုင်းကစလို့ မြေအနိမ့်ပိုင်း ရွာတချို့မှာ ရေစဝင်တာဖြစ်ပြီး ဒီနေ့မနက်အထိ မြစ်ရေဆက်လက်မြင့်တက်လာတယ်လို့ တောင်ငူမြို့နယ် သံဖြူချောင်းရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ မနက်ကတည်းက ရေတွေ စတက်တာ။ ကမ်းပါးဘေးတွေက ရေတက်တယ်။ အနိမ့်ပိုင်းရွာတွေက ရေနည်းနည်းမြုပ်နေပြီ။ ကျွန်မတို့ရွာလည်း တဖြည်းဖြည်းတော့ တက်လာနေတယ်။ တချို့တွေက ဝါးဖောင်တွေတော့ လုပ်ထားတယ်။ အခု ပစ္စည်းတွေ ရွှေ့နေတယ်။ မိုးတဖွဲဖွဲကျနေပြီ။ ညကျရင်တော့ စောင့်ကြည့်ရမယ်။ မိုးထပ်မရွာပါစေနဲ့၊ ဆုတောင်းနေရတယ်”
လက်ရှိမှာ စစ်တောင်းမြစ်ဘေးနဲ့ ခပေါင်းချောင်း တံတားအရှေ့ဘက်မှာရှိတဲ့ ပေါက်တော၊ မြို့ကြီးနဲ့ သံဖြူချောင်းရွာအပါအဝင် ရွာဆယ်ရွာခန့် ရေဝင်နစ်မြုပ်နေပြီး လူသုံးထောင်ကျော် ရေဘေးကြုံနေရတယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေဟာ ဒီနေ့မနက်မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် ထပ်မံမြင့်တက်လာနိုင်တာကြောင့် တောင်ငူမြို့နယ်မှာရှိတဲ့ မြစ်ကမ်းအနီး နေထိုင်သူတွေ သတိပြုကြဖို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
တောင်ငူမြို့နယ်အပါအဝင် ပဲခူးတိုင်းအတွင်း မဒေါက်၊ ရွှေကျင်၊ ပဲခူးမြို့တွေမှာလည်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ စစ်ကောင်စီရဲ့ မိုး/ဇလဌာနက ပြောထားပါတယ်။
ဇူလိုင် လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်း ရေကြီးနေတာကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးဒုက္ခကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေမြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။