တောင်ငူထောင်ကလွတ်မြောက်သွားသူတွေရဲ့အမှုတွဲ ထောင်ထဲမှာညှဉ်းပန်းနှိပ်စက်ခံနေရ

RFA Burmese
2023.05.25
Share on WhatsApp
Share on WhatsApp
တောင်ငူထောင်ကလွတ်မြောက်သွားသူတွေရဲ့အမှုတွဲ ထောင်ထဲမှာညှဉ်းပန်းနှိပ်စက်ခံနေရ တောင်ငူထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအေးမောင် (ခေါ်) ကိုချစ်ထွေး။
Citizen Journalist

တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအေးမောင် (ခေါ်) ကိုချစ်ထွေး ပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ သတင်းရရှိပါတယ်။

သူဟာ မေလ ၁၈ ရက်နေ့က သေနတ်လုပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၁ဝ ယောက်ထဲက လေးယောက်နဲ့ ပတ်သက်တဲ့သူဖြစ်ပြီး၊ ထောင်ထဲမှာ ကျန်နေခဲ့တဲ့အတွက် လွတ်သွားတဲ့သူတွေနဲ့ပတ်သက်လို့ သူ့ကို ပြင်းပြင်းထန်ထန် စစ်ဆေးနေတာလို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ၁၀ ယောက် မေ ၁၈ ရက်နေ့က တရားရုံးထွက်ရတဲ့အချိန် ထောင်ဗူးဝမှာ သူတို့ကိုစောင့်နေတဲ့ စစ်သားနဲ့ ထောင်ဝါဒါတွေဆီက သေနတ်တွေလုပြီး ပြေးကြပါတယ်။ အဲဒီအချိန်မှာ အပြန်အလှန်ပစ်ကြလို့ ထွက်ပြေးတဲ့သူတွေထဲက တစ်ယောက်သေဆုံးသွားပေမဲ့ ကိုးယောက်က လွတ်မြောက်သွားပါတယ်။

အဲဒီကိုးယောက်ကတော့ ထောင်ထဲကျန်ခဲ့တဲ့ကိုအေးမောင်နဲ့တစ်ဖွဲ့ထဲ အဖမ်းခံရတဲ့သူ လေးယောက်၊ သေဒဏ်ချခံထားရတဲ့သူ သုံးယောက်၊ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံနေရတဲ့သူ နှစ်ယောက်ဖြစ်ပါတယ်။ သေဒဏ်ချခံထားရတဲ့သူ သုံးယောက်မှာ နှစ်ယောက်က ဇနီးမောင်နှံတွေ ဖြစ်တယ်လို့ သူတို့ကိုကယ်ထားတဲ့အဖွဲ့က ပြောပါတယ်။

ကိုအေးမောင်ပါတဲ့ ခုနစ်ယောက်အဖွဲ့ဟာ ရေတာရှည်မြို့နယ်မှာ ၂၀၂၃ ခုနှစ် မတ် ၃ ရက်နေ့က သေနတ်တွေနဲ့ အဖမ်းခံရတဲ့သူတွေ ဖြစ်ပါတယ်။

ကိုအေးမောင် အပါအဝင် ငါးယောက်က ဧပြီ ၄ ရက်နေ့မှာ တောင်ငူထောင်ကို အပို့ခံရပြီး ကျန်တဲ့နှစ်ယောက်ကိုတော့ ဘယ်ကို ပို့လိုက်သလဲဆိုတာ မသိရသေးပါဘူး။ အဲဒီနောက် ကိုအေးမောင်တို့ကို ပုဒ်မ ၄၉ (က)၊ ၅၁ (ဂ)၊ ၅၂ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲနေတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။