တောင်သာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း PDF တိုက်ခိုက်

RFA Burmese
2024.08.13
တောင်သာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း PDF တိုက်ခိုက် မြန်မာမှ တရုတ်နိုင်ငံကို ပို့ဆောင်သည့် ဓာတ်ငွေ့ပိုက်လိုင်း၏ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
REUTERS

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မင်းကန်ရွာအနီးမှာ သြဂုတ်လ ၁၂ ရက်နေ့က တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူနေတဲ့တပ်ဖွဲ့တွေ တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁၃ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။

ဒါဟာ ကာကွယ်ရေးတပ်ဖွဲ့တွေက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို နှောက်ယှက်ဖျက်ဆီးဖို့ရည်ရွယ်တယ်လို့လည်း စစ်ကောင်စီဘက်က ဖော်ပြပါတယ်။

တောင်သာမြို့နယ်က အဲဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲအထိ သွယ်တန်းထားတဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစောင့်တပ်စခန်းအပြင် တောင်သာမြို့ရဲ့ မြောက်ဘက် တစ်မိုင်ကျော်သာဝေးတဲ့ တောင်သာ စွပ်ကျယ်စက်ရုံလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စွပ်ကျယ်စက်ရုံ၊ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးက စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးတပ်ရှိတဲ့ ဘုရားလှရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ အဲဒီနေရာတွေအပြင် ဘုရားလှ ပျူစောထီးရွာကိုပါ တိုက်ခိုက်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။

“စွပ်ကျယ်စက်ရုံရယ်၊ ဓာတ်ငွေ့ပိုက်လိုင်းရယ်၊ ဘုရားလှ ပျူစောထီးရွာတွေကို ဝင်တိုက်ခဲ့တာပေါ့။ ကျွန်တော်တို့သွားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းဘက်မှာတော့ တောင်သာမြို့ရဲစခန်းကနေ ဓာတ်ငွေ့ပိုက်လိုင်းကို အမြန်ဆုံး ခြေလျင်လျှောက်လာမယ်ဆို ဆယ်မိနစ်လောက်ပဲကြာတယ်။ ဆိုင်ကယ်တို့၊ ကားတို့နဲ့ဆိုရင် ငါးမိနစ်လောက်နဲ့ ရောက်တယ်။ အဲဒါ လာကိုမလာရဲတော့ဘူး”

ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တို့ကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်နေတာပါ။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအနဲ့အတူ မန္တလေးတိုင်းအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မိုးကုတ်၊ တကောင်းနဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားသလို မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှုရှိတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အယ်လ်ဖာ ဘိလပ်မြေ (Alpha Cement) စက်ရုံကို ဇူလိုင်လအတွင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။