လျှပ်စစ်ကား အခွန်ကင်းလွတ်ခွင့် ရမယ်လို့ စစ်ကောင်စီ ကြေညာ

2022.11.10
လျှပ်စစ်ကား အခွန်ကင်းလွတ်ခွင့် ရမယ်လို့ စစ်ကောင်စီ ကြေညာ ၂ဝ၁၆ ခုနှစ် မေ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသည့် မော်တော်ကားများ။
Photo : AFP

ပြည်ပကတင်သွင်းမယ့် လျှပ်စစ်ကားတွေနဲ့ ပတ်သက်လို့ ကျသင့်မယ့် အခွန်အခကို သုညရာခိုင်နှုန်းအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။

ဒီသတ်မှတ်ချက်ကြောင့် ပြည်တွင်းက အင်ဂျင်ကားဈေးကွက်ဟာလည်း လျှပ်စစ်ကား ဈေးကွက်နဲ့အတူ ဆက်ရှိနေနိုင်မှာဖြစ်တယ်လို့ ပြည်တွင်းကို လျှပ်စစ်ကားတင်သွင်း ရောင်းချမယ့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"ဥရောပမှာဆိုရင် ၂၀၃၅ နောက်ပိုင်းဆိုရင် အင်ဂျင်ကထုတ်လုပ်၊ တင်သွင်းခွင့် ရပ်တာပေါ့နော်။ တရုတ်ကတော့ ၂၀၃၀ မှာ ရပ်တာပေါ့။ ကျွန်တော်တို့တိုင်းပြည်က ဆင်းရဲတဲ့တိုင်းပြည်ဖြစ်လို့ လျှပ်စစ်ကားက ကျယ်ကျယ်ပြန့်ပြန့် မဖြစ်လာနိုင်သေးပေမယ့် အင်ဂျင်ကားကတော့ ဆက်ပြီး ရှိနေဦးမှာပေါ့။ တဖြည်းဖြည်းချင်း ကူးပြောင်းသွားရမှာ"

လျှပ်စစ်ကားတင်သွင်းသူတွေဟာ အားသွင်းတဲ့ နေရာတွေကိုပါ စီစဉ်လုပ်ကိုင်ရမှာဖြစ်ပြီး အဲဒီထဲမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တွေ၊ အမြန်လမ်းမနဲ့ လျှပ်စစ်ကား အရောင်းစင်တာ၊ ဟိုတယ်တွေမှာ တပ်ဆင်လာနိုင်တယ်လို့ သူက ပြောပါတယ်။

အခုလို သတ်မှတ်ချက်ဟာ ပြည်ပကနေ တင်သွင်းလာမယ့် တစ်စီးလုံး တည်ဆောက်ပြီးသား (CBU) စနစ်နဲ့ ယာဉ်တွေ၊ ပြည်တွင်းမှာ စက်ရုံထောင်ပြီး တပ်ဆင်တဲ့ (CKD) စနစ်၊ နိုင်ငံခြားက အစိတ်အပိုင်းတွေ တင်သွင်းပြီး ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ (SKD) စနစ်နဲ့ လျှပ်စစ်ယာဉ်တွေအကုန် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ပြဿနာရှိနေတာကြောင့် လျှပ်စစ်ကားအခွန် လျော့ချပေးတာက လုပ်ဆောင်သင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီလို လျှပ်စစ်ကား အခွန်သုည သတ်မှတ်တာဟာ ၂၀၂၃ ခုနှစ် မတ်လအထိ သက်ရောက်မှာ ဖြစ်တယ်လို့လည်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ နေ့စဉ် အနည်းဆုံး လေးနာရီနဲ့အထက် လျှပ်စစ်မီးပြတ်တောက်နေသလို တခြားဒေသတွေမှာလည်း လျှပ်စစ်မီး ပုံမှန်မရဘဲ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။