တန့်ဆည်မြို့မှာ တိုက်ပွဲဖြစ်နေ
2023.11.28
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာတွေကို နိုဝင်ဘာ ၂၈ ရက် ညပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေတယ်လို့ တန့်ဆည်ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တန့်ဆည်မြို့က ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဘောလုံးကွင်းနဲ့ ဆေးရုံကြီးဘက်မှာ နိုဝင်ဘာလ ၂၈ ရက် ည ၁၁ နာရီခွဲကစလို့ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
တန့်ဆည်မြို့ပေါ်က ဒေသခံတွေကတော့ လက်ရှိအချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။