သပိတ်ကျင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးထက်မနည်း သေဆုံး
2024.07.27
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အချိန်တစ်ပတ်ကျော်အတွင်းမှာ အရပ်သားငါးဦးထက်မနည်း သေဆုံးပြီး နေအိမ်ငါးဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Bo Linn Yone အဖွဲ့တော့ စစ်ကောင်စီတပ်က ချောင်းကြီးရွာကို လေကြောင်းကနေ ၅၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ် ၄၈ လုံးပျက်စီးပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၈ ရက်နေ့ကစလို့ နှစ်ဖက်တိုက်ပွဲပြင်းခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်လို့ အရပ်သားသေဆုံးမှုတွေ ရှိနေတာလို့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ ချောင်းကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်သိရသလောက်က အမှတ် (၅) ထဲကကလည်း သေတယ်၊ အမှတ် (၈) ထဲကလည်း သေတယ်။ စပြီးလေကြောင်းကနေ တိုက်တဲ့နေ့မှာ ငါးယောက်လောက် သေတယ်”
ဒီနေ့အထိ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးတဲ့အရေအတွက် အတိအကျကို မသိရသေးပါဘူး။
ချောင်းကြီးရွာဟာ အိမ်ခြေနှစ်ထောင်ခန့်နဲ့ ရပ်ကွက်ကိုးခုရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ အများစုက ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး နယ်ဝေးကနေ ရွှေတူးဖော်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သပိတ်ကျင်းမြို့နယ်ထဲမှာ KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူပေါင်းတပ်တွေက ဇူလိုင်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
သပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ရွာရဲစခန်းကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
ဒီလထဲမှာပဲ သပိတ်ကျင်းမြို့နယ် အင်းနက်နဲ့ တောင်လယ်ရွာက တပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။