မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုနဲ့ ဂျပန်တစ်ဦးကို ထိုင်းရဲ ဖမ်းဆီး
2025.02.14

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်တဲ့ သံသယနဲ့ ၂၉ နှစ်အရွယ် ဂျပန် အမျိုးသားတစ်ဦးကို ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားတဲ့အကြောင်း Jiji သတင်းက ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖော်ပြပါတယ်။
ရန်ကုန်ကနေ ဘန်ကောက်မြို့လေဆိပ်ကို ရောက်ရှိလာပြီးနောက် ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
ဂျပန်နိုင်ငံက ထုတ်ထားတဲ့ ဝရမ်းနဲ့ ဖမ်းဆီးတာဖြစ်ပြီး ထပ်မံစုံစမ်းစစ်ဆေးဖို့ သူ့ကို ဂျပန်ကို ပြန်ပို့မယ်လို့ မျှော်လင့်ရကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ်နားက ကရင်ပြည်နယ်မှာရှိပြီး တရုတ် ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်း လည်ပတ်တဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ဒီဂျပန်အမျိုးသား ပါဝင်ပတ်သက်တယ်လို့ သံသယရှိရကြောင်းလည်း ပြောပါတယ်။
ထိုင်းကို ဇန်နဝါရီလက ရောက်လာတဲ့ ဂျပန်အထက်တန်းကျောင်းသားတစ်ဦး မြန်မာနိုင်ငံ ခေါ်သွားမှုမှာ သူ ပါဝင်ပတ်သက်တယ်လို့ ဆိုပါတယ်။ ဂျပန်ကျောင်းသားကိုတော့ အကာအကွယ်ပေးထားနိုင်ပြီလို့ ပြောပါတယ်။