နယ်စပ်တပ်စခန်းတွေကိစ္စ ထိုင်းအာဏာပိုင်တွေနဲ့ UWSA တို့ ထပ်မံ ဆွေးနွေး
2024.12.20

အငြင်းပွားမှုရှိနေတဲ့ ထိုင်း-မြန်မာနယ်စပ်က “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ တပ်စခန်းတွေ ပြန်ဆုတ်ပေးရေး ကိစ္စနဲ့ပတ်သက်ပြီး “ဝ” တပ်ဖွဲ့ နဲ့ ထိုင်းအာဏာပိုင်တွေ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတယ်လို့ UWSA က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ “ဝ”တပ်ဖွဲ့ ပြင်ပဆက်ဆံရေး တာဝန်ရှိသူ ဦးညီရမ်းက RFA ကို ပြောပါတယ်။
“ထိုင်းနယ်စပ် တစ်နေရာမှာ ကျွန်တော်တို့ဘက်က အရာရှိတွေနဲ့ ထိုင်းဘက်ကအရာရှိတွေ တွေ့ဆုံခဲ့တာရှိပါတယ်။ အဓိက နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့တာပါ”
ဆွေးနွေးမှု ရလဒ်နဲ့ ပတ်သက်ပြီး အတိအကျ မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေကလည်း ထိုင်းတော်ဝင် စစ်တပ်အရာရှိတွေနဲ့ UWSA ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ပြီး အဲဒီတပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့ ထိုင်းဘက်က တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်း “ဝ” တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်ကြား စစ်ရေးတင်းမာခဲ့ပြီး ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသမှာ စစ်အင်အားတွေ ဖြန့်ကျက်ထားခဲ့တာပါ။
စစ်ကောင်စီကတော့ ဒီကိစ္စကို ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်း ပါဝင်တဲ့ ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) နဲ့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) အစည်းအဝေး တွေမှာ ဆွေးနွေးမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီ ထိန်းချုပ်တဲ့ မီဒီယာတွေကတစ်ဆင့် ပြောဆိုထားပါတယ်။