ထိုင်းမြေပြိုမှု သေဆုံးသူ မြန်မာရှစ်ဦးရှိလာ
2024.08.24
ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ကရွန်မြို့နယ် မြေပြိုမှုမှာ သေဆုံးသူ မြန်မာနိုင်ငံသား ရှစ်ဦးထိ ရှိလာပြီး စုစုပေါင်းသေဆုံးသူ ၁၃ ဦးရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ရာမှာ ပါဝင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဩဂုတ်လ ၂၃ ရက်နေ့က ကရွန်မြို့နယ် ရပ်ကွက်အမှတ် (၂)၊ ပါ့တပ် (၈) လမ်းရှိ ကတဘုန်းတော်ကြီးကျောင်း နောက်ကျောဘက်မှာရှိတဲ့ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့တာပါ။
ဒီမြေပြိုမှုမှာ မြန်မာနိုင်ငံသားရှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရသလို ထိုင်းနိုင်ငံသား သုံးဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အလားတူ ရုရှားနိုင်ငံသားနှစ်ဦးသေဆုံးခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ စုစုပေါင်း ၁၃ ဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
သေဆုံးတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရဘက်က လျော်ကြေးပေးတာတွေမရှိသေးသလို လက်တလော ကိုယ်အစီစဉ်နဲ့ပဲ သင်္ဂြိုလ်ဖို့ လုပ်တယ်လို့ ကယ်ဆယ်ရေးမှာပါဝင်ကူညီပေးနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
"လျော်ကြေးပေးဖို့အတွက် ဘာတစ်ခုမှ စကားမပြောလာသေးပါဘူး။ မြန်မာနိုင်ငံသားထဲက သေဆုံးသူတွေကိုတော့ ကိုယ့်အစီအစဉ်နဲ့ပဲ သင်္ဂြိုလ်ဖို့ လုပ်နေပါတယ်။ မနက်ဖြန်မှာ ကရွန်မြူနီစီပါယ်ရုံးကနေ သေစာရင်းထုတ်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ အဲဒါရမှ ဆေးရုံကနေ အလောင်းထုတ်ပြီး ကတဘုန်းတော်ကြီးကျောင်းမှာ နှစ်လောင်း၊ ချလောင်ဘုန်းတော်ကြီးကျောင်းမှာ လေးလောင်း၊ ကော့စီရေးဘုန်းတော်ကြီးကျောင်းမှာ တစ်လောင်းနဲ့ ရနောင်းမြို့ကို တစ်လောင်းပြန်သယ်ပြီး သင်္ဂြိုလ်ကြပါလိမ့်မယ်"
ဩဂုတ်လ ၂၄ ရက်နေ့က ညပိုင်းကစပြီး ရှာဖွေရေးလုပ်တာတွေကိုလည်း ပိတ်သိမ်းလိုက်ပြီလို့လည်း ကူညီကယ်ဆယ်ရေးလုပ်ရာမှာ ပါဝင်ကူညီနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့နေရာဟာ မြန်မာရွှေ့ပြောင်းလုပ်သားအများစုနေထိုင်တဲ့ နေအိမ်တန်းဖြစ်သလို့ သေဆုံးသူအများစုဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ဖြစ်ပါတယ်။