ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှု ထပ်ဖြစ်
2024.09.10
ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်မြို့မှာ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာတာကြောင့် ရေကြီးရေလျှံတာတွေ ထပ်ဖြစ်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၁၀ ရက် ဒီနေ့မနက်မှာလည်း ချောင်းရေထပ်တက်လာပြီး တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက်တွေထဲ ရေဝင်နစ်မြုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရေက ဆက်ကြီးလာတယ်။ မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းတွေ ရေတွေရောက်နေပြီ။ အခုက ရေဘေးကူညီရေးအတွက် လုပ်နေပါတယ်။ အနိမ့်ပိုင်းရောက်နေတဲ့ ဒေသခံတွေ ရွှေ့ပြောင်းတာလုပ်နေတယ်”
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့မှာ စိုးရေရေမှတ်အထက် တစ်ပေခွဲကျော် ရောက်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့် ထပ်မံမြင့်တက်လာ နိုင်တယ်လို့ စက်တင်ဘာလ ၉ ရက် မနေ့က အသိပေးထားပါတယ်။
ဩဂုတ်လ ဒုတိယအပတ်တုန်းက မယ်ဆိုင်ချောင်းရေ မြင့်တက်လာတာကြောင့် တာချီလိတ်မြို့ မယ်ဆိုင်ချောင်းအနီး မြေအနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း၊ မယ်ခေါင်နဲ့ ဝမ်ကောင်း အပါအဝင် ရပ်ကွက်တချို့ ရေကြီးရေလျှံခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်အခြေအနေတွေကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။