ထိုင်းဖမ်းဆီးလိုက်တဲ့ လက်နက်ပွဲစားနဲ့အတူ စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းရမိ

ရဲခေါင်မြင့်မောင်၊ ခင်ခင်အိ
2023.01.11
Share on WhatsApp
Share on WhatsApp
ထိုင်းဖမ်းဆီးလိုက်တဲ့ လက်နက်ပွဲစားနဲ့အတူ စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းရမိ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မွတ်စလင်ဆေးရုံသို့ သွားရောက်လေ့လာခဲ့သည့် ဗိုလ်ချုပ်မှူး​ကြီး မင်းအောင်လှိုင်နှင့် ဇနီး။
AFP

မူးယစ်ဆေးဝါးရောင်းဝယ်မှု နဲ့ ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ဆီက သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ဦးအောင်ပြည့်စုံ နဲ့ သမီး ဒေါ်ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါဝင်ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲဒီပိုင်ဆိုင်မှုတွေထဲမှာ ဘန်ကောက်မြို့လယ်က Belle Grand Rama 9 က ဦးအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံ ကွန်ဒိုတိုက်ခန်း  တစ်ခန်း နဲ့ ဒေါ်ခင်သီရိသက်မွန် နာမည်နဲ့ဖွင့်ထားတဲ့ Siam Commercial Bank (SCB) ဘဏ်စာအုပ် နှစ်အုပ် ပါဝင်တယ်လို့ ဆိုပါတယ်။

63bd2be78eab05b4b408320b_belle graphic.jpg
စစ်ခေါင်းဆောင်၏သားဖြစ်သူ ပိုင်ဆိုင်သည့် ဇိမ်ခံကွန်ဒိုခန်းရှိရာ Belle Rama 9 ကွန်ဒိုမီနီယံပုံကို Justice For Myanmar အစီရင်ခံစာ‌တွင် ဖော်ပြထားပုံ။

အဲဒီတိုက်ခန်းကို ၂၀၁၇ နှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး ဒီ အိပ်ခန်း လေးခန်းပါ ကွန်ဒိုတိုက်ခန်းရဲ့ လက်ရှိကာလပေါက်ဈေးက အမေရိကန်ဒေါ်လာ တစ်သန်းနီးပါးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သမီး ဒေါ်ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေဟာလည်း တန်ဖိုးကြီး ဘန်ကောက်ကွန်ဒိုမီနီယံနဲ့ ရုံးခန်းအဆောက်အအုံတစ်ခုဖြစ်တဲ့ Q House Lumphini မှာရှိတဲ့ ဘဏ်ခွဲမှာ ဖွင့်ထားတာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကနေရတဲ့ တရားမဝင်ငွေတွေကို သိုဝှက်ဖို့ ထိုင်းဘဏ်တွေကို အသုံးပြုခွင့်ရနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

000_RY4SD.jpg
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင်၊ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ၂ဝ၁၈ ခုနှစ်ကတွေ့ဆုံစဉ်။(Photo: AFP)

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ညွှန်ကြားရေးမှူး Mark Farmaner က ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေက ရာဇဝတ်ဂိုဏ်းကြီးတွေနဲ့ ဆက်စပ် ပတ်သက်နေတယ်ဆိုတာ သက်သေတစ်ခုပါပဲလို့ ပြောပါတယ်။

“စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေဟာ မူးယစ်ဆေးရောင်းဝယ်မှုတွေ၊ ငွေကြေးခဝါချပေးတာတွေ လုပ်ပေးတဲ့ ခရိုနီတွေနဲ့ ပတ်သက်မှုရှိနေတာ အံ့သြစရာမရှိပါဘူး။ မြန်မာစစ်တပ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ မူးယစ်ရာဇာတွေနဲ့ ဆက်ဆံရေးကနေ အကျိုးအမြတ်တွေရနေပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ ခရိုနီ လုပ်ငန်းရှင်တွေဟာ ဒေသတွင်းက မူးယစ်ဆေး ရောင်းဝယ်သူတွေ၊ ငွေကြေး ခဝါချပေးတဲ့သူတွေ၊ လက်နက်ကုန်သည်တွေနဲ့ ကွန်ယက်တစ်ခုလို ဆက်စပ်ပက်သက်နေကြပါတယ်။ သူတို့အားလုံးဟာ ရာဇဝတ်ဂိုဏ်းအကြီးကြီးတစ်ခုလိုပဲ အပြန်အလှန် အကျိုးပြုနေကြတာ ဖြစ်ပါတယ်။ အခု မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ ခရိုနီဆီမှာ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ရှာတွေ့ခဲ့တာက အကောင်းဆုံးအထောက်အထားပဲ ဖြစ်ပါတယ်။”

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှုး Phil Robertson ကလည်း  ဒါဟာ ထိုင်းအစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဘယ်လောက်အဆင်ပြေနေတယ်ဆိုတာ ပြသနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင်သားသမီးတွေရဲ့ တိုက်ခန်းပိုင်ဆိုင်မှုတွေ ဘဏ်စာအုပ်တွေကို မူးယစ်ဆေးဝါး ရောင်းဝယ်သူထံမှာ တွေ့ရတာဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နားက ဝန်းရံနေတဲ့ ရာဇဝတ်ကောင်တွေအကြောင်း အားလုံးသိထားသင့်တယ်ဆိုတာ ပြသတာပါဘဲ။ အောင်ပြည့်စုံ နဲ့ ခင်သီရိသက်မွန်တို့က အခုလို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကိုကြည့်ရင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ ဘယ်လောက်အဆင်ပြေတယ်ဆိုတာကိုလည်း ပြသနေပါတယ်။”

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေ တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု ရှိနေတာ ကြာနေပြီဖြစ်တဲ့အတွက် ဒါက အံ့သြစရာမရှိပါဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က Charles Santiago ကလည်း ပြောပါတယ်။

"အခုလို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ဆွေမျိုးမိသားစုဝင်တွေ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ငွေကြေး ခဝါချမှုတွေ ကျုးလွန်ခဲ့တဲ့သူ တစ်ဦးနဲ့ ပတ်သက်မှု ရှိနေတာ အံ့သြစရာမရှိပါဘူး။ မြန်မာ စစ်ခေါင်းဆောင်တွေဟာ တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာ ကြာလှပါပြီ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လို ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေဟာ နိုင်ငံက သဘာဝ သယံဇာတ အရင်းအမြစ်တွေကို အခွန်မဆောင်ဘဲ အကန့်အသတ်မရှိ ထုတ်ယူပြီး နေရုံတင်မကဘဲ၊ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေမှာပါ  တိုက်ရိုက် ပါဝင်ပတ်သက်နေပါတယ်။"

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ သားသမီး ပိုင်ဆိုင်မှုတွေဟာ ဦးထွန်းမင်းလတ်နဲ့ ဆက်စပ်နေတဲ့အထောက်အထားတွေရှိနေပေမယ့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိုင်းအာဏာပိုင်တွေက သိမ်းယူထားတာမရှိသေးကြောင်း Justice For Myanmar က ဖော်ပြပါတယ်။

image (2).jpg
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သမီး ဒေါ်ခင်သီရိသက်မွန်၊ သား ဦးအောင်ပြည့်စုံ။ (Photo: Citizen Journalist)

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ဦးအောင်ပြည့်စုံ နဲ့ သမီး ဒေါ်ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ချက်ချင်းသိမ်းဆည်းသင့်တယ်လို့ Justice For Myanmar က ပြောခွင့်ရသူ မရတနာမောင်က ပြောပါတယ်။

မြန်မာစစ်အစိုးရနဲ့ သူ့အဖွဲ့ဝင်တွေ ထိုင်းဘဏ်တွေမှာ ငွေစာရင်းဖွင့်နိုင်ပြီး ထိုင်းမှာပိုင်ဆိုင်မှုတွေ ရနေတာကို တားမြစ်ပိတ်ပင်ခြင်းအားဖြင့် မြန်မာနိုင်ငံက စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအတွက် ထိုင်းနိုင်ငံက လုံခြုံတဲ့နေရာဖြစ်လာနေတာကို တားဆီးဖို့ ထိုင်းအစိုးရက အရေးတကြီး အရေးယူဖို့လည်း လိုအပ်ပါတယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရဲ့ သားသမီးတွေ အခုလို ရာဇဝတ်ဂိုဏ်းတွေ နဲ့ အဆက်အသွယ်ရှိတာ အံ့သြစရာမဟုတ်ပေမယ့် ထိုင်းအစိုးရက သူတို့ကို မစုံစမ်းမစစ်ဆေးဘဲ အကာအကွယ်ပေးနေတာက စိတ်ပျက်စရာ ဖြစ်တယ်လို့  ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်က မြန်မာ့အရေး သုံးသပ်သူ Sam Baron ကလည်း ပြောပါတယ်။

ထိုင်းအစိုးရက ဒီလိုအကာအကွယ်ပေးနေတာဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးကူညီရာရောက်တယ်လို့ Sam Baron က သုံးသပ်ပါတယ်။

“စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ရဲ့ သားသမီးတွေဟာ မြန်မာနိုင်ငံက တရားမဝင် လုပ်ငန်းတွေ၊ ရာဇဝတ် ဂိုဏ်းတွေ နဲ့ ပတ်သက်မှုရှိနေတာ အံ့သြစရာမရှိပေမယ့်၊ ထိုင်းအစိုးရက သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို လက်ခံထားပြီး အကာအကွယ်ပေးနေတာကတော့ စိတ်ပျက်စရာကောင်းပါတယ်။ အခုအမှုမှာ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ဘယ်လို ပါဝင် ပတ်သက်နေသလဲ ဆိုတာကို ထိုင်းအစိုးရအနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးပြီး၊ သင့်တော်သလို စွဲချက်တင် အရေးယူသင့်ပါတယ်။ အခုလို မြန်မာ စစ်ခေါင်းဆောင်တွေအတွက် ဝင်ငွေ ရှာပေးနေတဲ့ တရားမဝင် လုပ်ငန်းတွေကို ထိုင်း အာဏာပိုင်တွေက မျက်ကွယ်ပြုပေးထားတာဟာ တရားဥပဒေ စိုးမိုးရေးကို အားနည်းစေတဲ့အပြင်၊  မြန်မာနိုင်ငံမှာ ပိုဆိုးလာနေတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအားပေးအားမြှောက် ပြုရာရောက်ပါတယ်။”

မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရတဲ့ ဦးထွန်းမင်းလတ်ထံက သိမ်းဆည်းခဲ့တဲ့ ပိုင်ဆိုင်မှုထဲမှာ စစ်ခေါင်းဆောင်ရဲ့သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေပါဝင်ကြောင်း Justice for Maynmar ရဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အခုလို ဦးထွန်းမင်းလတ်ဆီက သိမ်းဆည်းရမိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်မှုတွေ ကို ထိုင်းအာဏာပိုင်တွေအနေနဲ့  သိမ်းဆည်းပြီး၊ သူတို့တွေဟာ ထိုင်းအစိုးရက တရားစွဲဆိုထားတဲ့ ဦးထွန်းမင်းလတ်ရဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကနေ အကျိုးအမြတ်ရရှိခဲ့ခြင်း ရှိမရှိကို  စုံစမ်းစစ်ဆေးဖို့၊ စစ်အုပ်စုအဖွဲ့ဝင်တွေ၊  သူတို့ရဲ့ မိသားစုတွေနဲ့  အားပေးပံ့ပိုးနေကြတဲ့ ဒေါက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေတာနဲ့ ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူတာကို ပိတ်ပင်တားဆီးဖို့  Justice For Myanmar က တောင်းဆိုထားပါတယ်။

နော်ဝေးနိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက Justice For Myanmar ရဲ့ ဒီတောင်းဆိုချက်ကို ကြိုဆိုလိုက်ပါတယ်။

“JFM ရဲ့ တောင်းဆိုမှုက မှန်ကန်တဲ့ တောင်းဆိုမှုလို့ မြင်တယ်။ စစ်တပ်နဲ့ ပတ်သက်ရင် အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အခုလို ဦးထွန်းမင်းလတ်လို လက်နက်ပွဲစားနဲ့ တာဝန်ယူလုပ်ဆောင်ပေးမယ့် ငွေမည်းကနေ ငွေဖြူ ဖြစ်အောင်လုပ်ပေးတာလို့ မြင်တယ်။ ထိုင်းအစိုးရအနေနဲ့ အမည်ပေါက်ပိုင်ရှင်ဆီက သိမ်းမယ်လို့ ထင်တယ်။ မင်းအောင်လှိုင်နဲ့ ထိုင်းအစိုးရကလည်း ပလဲနံပ သင့်နေတာဆိုတော့ ဒီလိုမျိုး ဆက်လက်အရေးယူဖို့ ကတော့  နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ ကျွန်တော်မြင်တယ်”

လက်နက်ပွဲစား ဦးထွန်းမင်းလတ်ဟာ အရင်က ဒေါ်ခင်သီရိသက်မွန် နဲ့ အစုရှယ်ယာကုမ္ပဏီတစ်ခု ရှိခဲ့ကြောင်း Justice for Myanmar က ၂၀၂၂ ခုနှစ်က ဖော်ထုတ်ခဲ့ပါတယ်။

ဦးထွန်းမင်းလတ်ကို သူရဲ့လုပ်ဖော်ကိုင်ဖက် သုံးဦးနဲ့အတူ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂  စက်တင်ဘာလက ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ နဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ တရားစွဲဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။