ရေဘေးကာကွယ်ရေး မြန်မာနဲ့ ဆွေးနွေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

RFA Burmese
2024.09.17
ရေဘေးကာကွယ်ရေး မြန်မာနဲ့ ဆွေးနွေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော ထိုင်းနိုင်ငံခြားရေးဝန်ကြီး မဲရစ် ဆန်ဂီယမ်ပုံဆာ Maris Sangiampongsa အား တွေ့ရစဥ်။
Ministry of Foreign Affairs, Thailand

ဒေသတွင်း ရေလွှမ်းမိုးမှု လျော့ကျစေရေး နည်းလမ်းတွေရှာဖွေဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မဲရစ်ဆန်ဂီယမ်ပုံဆာက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ စက်တင်ဘာ ၁၇ ရက် ဒီနေ့ ဖော်ပြပါတယ်။

ရေလွှမ်းမိုးမှုလျော့ကျအောင် နည်းလမ်းတွေရှာဖွေပြီး ရေထိန်းနေရာတွေ ချဲ့ထွင်ဖို့ နှစ်နိုင်ငံစလုံးက ရှာဖွေရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ မုန်တိုင်းကြောင့်နဲ့ ကုန်းမြင့်တွေကတစ်ဆင့် သံလွင်မြစ်အတွင်း အရှိန်ပြင်းတဲ့ရေတွေ စီးဆင်းတာကြောင့် ရေကြီးတာကို ဆိုးဆိုးရွားရွား ခံစားရတာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကလည်း နှစ်နိုင်ငံအဖွဲ့အစည်းတွေနဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးညှိနှိုင်းပြီး သင့်လျော်တဲ့နေရာတွေကို ရေထိန်းနေရာတွေအဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုရေကြီးမှုက မဲခေါင်မြစ်တစ်လျှောက်မှာရှိတဲ့ နိုင်ငံတွေကို သက်ရောက်နေပြီး မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်ဟာ နှစ်သုံးဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို ခံခဲ့ရတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးက သံလွင်မြစ်ကမ်းဘေးမှာ အဆောက်အအုံတွေ ဆောက်လုပ်တာကြောင့် ရေလမ်းကြောင်း ကျဥ်းမြောင်းတိမ်ကောသွားပြီး ရေနုတ်မြောင်း ပြဿနာတွေကိုလည်း ပိုမိုဆိုးရွားစေခဲ့တယ်လို့ ဘန့်ကောက်ပို့စ်က ဖော်ပြပါတယ်။

ရေရှည်မှာ ရေကြီးရေလျှံတာတွေကို ကာကွယ်ဖို့အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကနေတစ်ဆင့် ရေစီမံခန့်ခွဲမှုမှာ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေကို ထပ်ပြီးအဆိုပြုဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။