ထိုင်းနိုင်ငံက မြန်မာကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ကျောင်း အပိတ်ခံရ

RFA Burmese
2024.09.05
ထိုင်းနိုင်ငံက မြန်မာကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ကျောင်း အပိတ်ခံရ “မေတ္တာရိပ်”မြန်မာစာသင်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား၊ သူများကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ Zaw Khaing Myo

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ စူရတ်ဌာနီမြို့က မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်းလိုက်ပါတယ်။

မေတ္တာရိပ်ကျောင်းဟာ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများ အက်ဥပ‌ဒေအရ တည်ထောင်ဆောက်လုပ်ခွင့်မရှိဘဲ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ပြီး တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆူရတ်ဌာနီ ခရိုင်ပညာရေးရုံးက စက်တင်ဘာ ၄ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်ခဲ့တာပါ။

အခုလို ကျောင်းပိတ်ခံလိုက်ရလို့ ထောင်ချီတဲ့ ကျောင်းသားတွေနဲ့ မိဘတွေပါ အခက်အခဲတွေ ကြုံရတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) ရဲ့ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက RFA ကို ပြောပါတယ်။

“အတိုင်ခံရတယ် ထင်ပါတယ်။ ဝန်ကြီးဌာနက အသိပေးစာ လာကပ်သွားတော့ ကျောင်းကတော့ ပိတ်လိုက်ရတယ်ပေါ့။ အခုလို ပိတ်လိုက်တဲ့အကျိုးဆက်က ကလေးတွေရော မိဘတွေပါ ဒုက္ခရောက်တာပေါ့”

အခုကျောင်း ပိတ်လိုက်ရပေမဲ့ ကျန်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းကျောင်းတွေနဲ့ ပတ်သက်ပြီး ဖြေလျော့ပေးဖို့အတွက် အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက အာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း သူက ပြောပါတယ်။

စူရတ်ဌာနီမြို့၊ ဘန်ကူးရပ်ကွက်က “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းဟာ ဖွင့်တာ နှစ်နှစ်ရှိပြီဖြစ်ပြီး စူရတ်ဌာနီ ခရိုင်အတွင်း ကျောင်းသားဦးရေ အများဆုံး ပညာသင်ယူနေတဲ့ကျောင်းလည်း ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ မူကြိုကနေ အထက်တန်းအဆင့်အထိ ပညာသင်ယူနိုင်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။