ပိတ်လိုက်တဲ့ ထိုင်းစက္ကူစက်ရုံက မြန်မာတွေ နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရ

RFA Burmese
2024.08.06
ပိတ်လိုက်တဲ့ ထိုင်းစက္ကူစက်ရုံက မြန်မာတွေ နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရ မဟာချိုင်မြို့ရှိ ပိတ်သိမ်းလိုက်သည့် စက္ကူစက်ရုံမှ မြန်မာအလုပ်သမားများကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။
MHAC

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့က စက္ကူစက်ရုံ ပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်ရတဲ့ မြန်မာအလုပ်သမား ၃၈၀ အတွက် နစ်နာကြေး ဘတ် ၁၈ သန်းကျော် ရရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေ တဲ့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ရဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။

စက်ရုံပိတ်သိမ်းပြီးနောက် ရက် နှစ်ဆယ်အတွင်း နစ်နာကြေးတွေ ရရှိခဲ့တာဖြစ်ပြီး သုံးနှစ်အောက် အလုပ်သမားတွေက တစ်ဦး ဘတ်ငွေ သုံးသောင်းဝန်းကျင်နဲ့ သုံးနှစ်အထက် နှစ်ကြီးသမားတွေက တစ်ဦး ဘတ် ခြောက်သောင်းဝန်းကျင် ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံပိတ်သိမ်းတော့မယ်ဆိုတာကို ကြိုပြီး အကြောင်းမကြားဘဲ စကားပြန်ကနေတစ်ဆင့် အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ပြောပြီးနောက် ပိတ်သိမ်းခဲ့တာပါ။

စက်ရုံကပေးတဲ့ လျော်ကြေးငွေဟာ နည်းပါးနေလို့ အလုပ်သမားတွေက MHAC မဟာမိတ်အဖွဲ့ကို အကူအညီ တောင်းကြတာလို့ ကိုရဲမင်းက ပြောပါတယ်။

“နစ်နာကြေးကို တစ်ယောက်ကို ဘတ် တစ်သောင်းပဲ ပေးမှာဆိုတော့ ထိုင်းဥပဒေအရ မညီဘူးလေ။ အလုပ်သမားတွေက မကျေနပ်လို့ အကူအညီတောင်းလို့ သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ ဥပဒေအရ လုပ်တာပေါ့”

ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ နစ်နာကြေးတောင်းတဲ့ အမှုတွေထဲမှာ အခုရရှိတဲ့ ပမာဏဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အများဆုံးရတာလို့ ဆိုပါတယ်။

အလုပ်လက်မဲ့ဖြစ်တဲ့ အလုပ်သမား သုံးရာကျော်မှာ Job Passport (PJ)၊ Certificate of Identity (CI) ကိုင်ဆောင် ထားသူတွေအပြင် နှစ်နိုင်ငံ အစိုးရသဘောတူညီမှုနဲ့ လာတဲ့ MOU အလုပ်သမားတချို့လည်း ပါဝင်ပါတယ်။ အဲဒီ အလုပ်သမားတွေ အလုပ်အသစ်ရှာဖို့အတွက် အလုပ်ရှင်က ထုတ်ပေးရတဲ့ အလုပ်ပြောင်းရွှေ့ခွင့်ရဖို့လည်း လုပ်ပေးနေသလို အလုပ်ရှာနေတုန်းမှာ ထိုင်းအစိုးရက ပေးတဲ့ လူမှုဖူလုံရေးကြေး နှစ်လစာ ရဖို့ကို လည်း MHAC မဟာမိတ်အဖွဲ့က လုပ်ပေးနေပါတယ်။

အခုနှစ်ပိုင်းတွေထဲ ထိုင်းနိုင်ငံမှာ စက်ရုံပေါင်း လေးရာကျော် ပိတ်သိမ်းလို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်မဲ့သူတွေအနေနဲ့ စဉ်းစားပြီး စိစစ်ကြဖို့ကိုလည်း ကိုရဲမင်းက တိုက်တွန်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။