ထိုင်းဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ငါးဆယ်နီးပါးကို မြန်မာပြည်ပြန်ပို့
2024.03.22
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၄၈ ဦးကို မတ်လ ၂၁ ရက်နေ့မှာ မြဝတီအမှတ် ၂ တံတားကနေ မြန်မာဘက်ကို ထိုင်းအာဏာပိုင်တွေက ပြန်လွှဲပေးခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ထိုင်း -မြန်မာနယ်ခြားကော်မတီ(TBC) ကတစ်ဆင့် မြန်မာဘက်ကို လွှဲပြောင်းပေးလိုက်တာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
"မတ်လ ၂၁ ရက်နေ့မှာ ထိုင်းဘုရင့်တပ်မတော်တာဝန်ရှိသူတွေက ပထမအသုတ် ၄၈ ယောက်ကို မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းပေးလိုက်ပြီ"
အခုပြန်ပို့လိုက်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း- မြန်မာ နယ်စပ်အနီးက မဲသရောထစစ်စခန်းကို မတ် ၁၉ ရက်နေ့မှာ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ ထိုင်းနိုင်ငံ ပိုင်ကလန်ကျေးရွာကို ထွက်ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။
ထွက်ပြေးသူတွေထဲမှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၈ တပ်ရင်းက ဗိုလ်မှူး ကျော်သူသူအောင်နဲ့ ဗိုလ်ကြီး ချမ်းသာဖြိုး တို့ပါဝင်တယ်လို့ KNLA မဟာမိတ် ပူပေါင်းအဖွဲ့က ပြောဆိုထားပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
မတ်လ ၂၁ ရက်နေ့မှာ ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ရေတလျောက်တပ်စခန်းကနေ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂၆ ဦးကို ပြန်ပို့ဖို့လည်း ထိုင်းဘက်က စီစဉ်နေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်သားတွေကို ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
မတ်လအတွင်း KNU တပ်မဟာ (၆) နယ်မြေမှာ မြဝတီ သင်္ကန်းညီနောင် အခြေစိုက် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ဖလူးစခန်းနဲ့ ကျိုက်ဒုံဗျူဟာကုန်းစခန်း စတဲ့ စစ်ကောင်စီတပ်စခန်းလေးခုကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းထားပြီး စစ်ကောင်စီဘက်ကလည်း ကျန်ရှိနေတဲ့စစ်စခန်းတွေ လက်မလွှတ်ရဖို့အတွက် လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။