ထိုင်း မိုးပျံတံတား ပြိုကျမှုကြောင့် သေဆုံးသူ မြန်မာလုပ်သား ငါးဦးအထိ ရှိလာ
2024.11.30
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့ စျေးအနီးမှာ မိုးပျံတံတား ပြိုကျမှုကြောင့် လုပ်ငန်းခွင်အတွင်း သေဆုံးတဲ့ မြန်မာအလုပ်သမား ငါးဦးအထိ ရှိလာပြီလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Labour Right Foundation က တာဝန်ရှိသူ ဦးအောင်ကျော်က RFA ကို နိုဝင်ဘာ ၃၀ ရက် ဒီနေ့ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနေ့က မနက်အစောပိုင်းမှာ မိုးပျံတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း တံတားပြိုကျမှုကြောင့် မြန်မာလေးဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ထပ် မြန်မာအလုပ်သမား တစ်ဦးကတော့ ဆေးရုံမှာကုသမှုခံယူနေချိန် ကွယ်လွန်သွားတာလို့ ဦးအောင်ကျော်က RFA ကို ပြောပါတယ်။
“မထင်မှတ်ဘဲနဲ့ ကရိန်းနဲ့ ပစ္စည်းတွေ အတင်အချ လုပ်နေတဲ့အချိန်မှာ အပေါ်ကနေ ပြုတ်ကျ၊ ပြိုကျပြီးမှ ဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ မြန်မာလေးဦးနဲ့ ထိုင်းတစ်ဦးက ချက်ချင်း သေဆုံးသွားတယ်ပေါ့ဗျာ။ အဲဒီမှာမှ အရေးပေါ်ခန်းကိုလည်း နောက်ထပ် ဆယ်ဦးလောက်တော့ သွားတင်ထားရတယ်ဆိုတာ ကျွန်တော်တို့ သိရှိရပါတယ်။ ဆေးရုံမှာ သွားပို့လိုက်တဲ့ ဆယ်ဦးထဲမှာ ထပ်မံ သေဆုံးသွားတာနဲ့ဆိုရင် မြန်မာငါးဦး ဖြစ်ပါတယ်”
အဲဒီလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ လူလေးဆယ်ခန့်မှာ မြန်မာလုပ်သား ငါးဦးနဲ့ ထိုင်းလုပ်သား တစ်ဦး သေဆုံးပြီး နောက်ထပ်ဒဏ်ရာရသူ ကိုးဦးကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။
သေဆုံးသွားတဲ့ တရားဝင် မြန်မာအလုပ်သမားတွေအတွက် နာရေးစရိတ် ထိုင်းဘတ်ငွေ ငါးသောင်းနဲ့ နစ်နာကြေး ထိုင်းဘတ် ရှစ်သိန်းခန့် (၇၈၉,၀၀၀) ပေးဖို့ ထိုင်းအာဏာပိုင်တွေက သတ်မှတ်ပေးလိုက်ပြီလို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး အကူအညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်း (AAC) က ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံးကို RFA က နိုဝင်ဘာ ၃၀ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖြေကြားဖို့ ငြင်းဆိုပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၂၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင် ကရွန်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ရှစ်ဦး သေဆုံးခဲ့ပါတယ်။