UWSA တပ်စခန်းတွေကိစ္စ မြန်မာ-ထိုင်း နယ်ခြားကော်မတီ အစည်းအဝေးမှာ ဆွေးနွေးမည်
2024.12.16

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ တပ်စခန်း ကိုးခု ပြန်ဆုတ်ပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုထားတဲ့ကိစ္စကို မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းပါဝင်တဲ့ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ ဆွေးနွေးသွားမယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပမဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မီဒီယာတွေမှာ ဒီဇင်ဘာ ၁၆ ရက်နေ့ညက ထုတ်ပြန်ရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက UWSA တပ်စခန်းတွေကိစ္စကို ထည့်သွင်းပြောဆိုခဲ့တာပါ။
ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းပါဝင်တဲ့ ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) နဲ့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) အစည်းအဝေးတွေမှာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ TBC နဲ့ RBC မှာ ထိုင်းနဲ့ မြန်မာ စစ်တပ်တွေက ဦးဆောင်ပါဝင်ပါတယ်။ TBC နဲ့ RBC အစည်းအဝေးတွေကို လစဉ်ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ထိုင်းတော်ဝင် စစ်တပ်အရာရှိတွေနဲ့ UWSA ထိပ်ပိုင်းခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး ထိုင်းနယ်စပ်က UWSA တပ်စခန်းကိုးခုကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြန်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ UWSA ကတော့ ဒီကိစ္စဟာ နှစ်နိုင်ငံ ညှိနှိုင်းရမဲ့ကိစ္စလို့ တုံ့ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ကတော့ စစ်ကောင်စီရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဦးဆောင်တဲ့အဖွဲ့ဟာ နယ်မြေအငြင်းပွားနေတဲ့ နယ်စပ်အနီး သွားရောက်ကြည့်ရှုခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီး UWSA ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ဘက်က ကူညီခဲ့တာမရှိဘူးလို့ ပြောပါတယ်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ ထိုင်း-မြန်မာနယ်စပ်အနီးက UWSA တပ်စခန်း ကိုးခု ပြန်ဆုတ်ပေးဖို့ အစီအစဉ်မရှိသေးကြောင်း RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြောပါတယ်။