ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံ ကူညီမယ်လို့ စစ်ကောင်စီပြော

RFA Burmese
2024.08.06
ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံ ကူညီမယ်လို့ စစ်ကောင်စီပြော ရန်ကုန်မြို့၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် သန်းခေါင်စာရင်းတွင်ပါဝင်ရန် နှိုးဆော်ထားသည့် ဆိုင်းဘုတ်ထောင်ထားသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေမှာ ထိုင်းအစိုးရက ကူညီပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mongkol Visitstump က စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေနဲ့ ဩဂုတ်လ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ထိုင်းသံမတ်က စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင် တို့နဲ့ သွားရောက်တွေ့ဆုံခဲ့တာပါ။

ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းစဉ်တွေမှာ ဘယ်လိုအကူအညီတွေပေးမလဲဆိုတာ အတိအကျ ထုတ်ပြန်ထားတာမရှိပါဘူး။
 
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့ပေါင်း ခုနစ်ဆယ်နီးပါးကို စစ်ကောင်စီက လက်လွှတ်ထားရချိန်မှာပဲ လာမဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာပါ။
 
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်းကောက်ပြီးမှ ရလာတဲ့ လူဦးရေဆိုင်ရာ အချက်အလက်တွေကို အသုံးပြုပြီး ရွေးကောက်ပွဲလုပ်မယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ပြောထားပါတယ်။
 
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ရေးကိစ္စတွေကို အရှိန်မြင့်လုပ်ဆောင်နေပြီး တည်ထောင်ခွင့်လျှောက်ထားတဲ့ နိုင်ငံပါတီတွေကို အတည်ပြုတာနဲ့ ပယ်ချတာတွေလည်း ဆက်လုပ်လာပါတယ်။

စစ်ကောင်စီက လာမဲ့ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။