စစ်ကြောင့် ထွက်ပြေးလာသူများကို ဒုက္ခသည်အဖြစ် ထိုင်းက မယူဆ
2010.12.15
အခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်နဲ့ အနီးဆုံး ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်စိတ် ကြီးထွားလာပြီး အသက်ဘေး လုံခြုံစိတ်ချရမဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေကို ထွက်ပြေးလာနေကြပါတယ်။
နိုင်ငံတကာ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းတွေကတော့ အဲဒီ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနိုင်ဖို့ ဒုက္ခသည်စခန်းအသစ်တွေ ဖွင့်ပေးသင့်ကြောင်း မေတ္တာရပ်ခံ တောင်းဆိုနေတဲ့ကိစ္စကို ထိုင်းအစိုးရက ဘယ်လို သဘောထားရှိသလဲလို့ RFA က မေးမြန်းရာမှာ Mr. Wattanayagorn က “အဲဒီလို နယ်စပ်ကို ထွက်ပြေးလာကြသူတွေကို ဒုက္ခသည်တွေအဖြစ် ကျနော်တို့အနေနဲ့ မသတ်မှတ်နိုင်ပါဘူး ၊ ကျနော်တို့ ထိုင်းနိုင်ငံဟာ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းလည်း မရှိပါဘူး၊ ဒါပေမဲ့ သေချာတာက အဲဒီလို ထွက်ပြေးလာကြသူတွေကို ထိုင်းနယ်စပ်မှာ ခေတ္တ ခိုလှုံခွင့်ပေးတာမျိုး လုပ်ပါတယ် မြန်မာနိုင်ငံဖက်ခြမ်းမှာ စစ်ပွဲတွေ ငြိမ်သက်သွားပြီလို့ ယူဆရတဲ့အခါမျိုးမှာတော့ မြန်မာပြည်ဖက်အခြမ်းကို ပြန်ပို့ပါတယ်”လို့ ဖြေကြားပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်တွင်းမှာ လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အခြေအနေကိုလည်း ထိုင်းနိုင်ငံအနေနဲ့ အနီးကပ် စောင့်ကြည့် နေပါတယ်လို့ Mr. Wattanayagorn က ပြောပါတယ်။
ဒီအတောတွင်း ထိုင်းဝန်ကြီးချုပ် Mr. Abhisit Vejjajiva က မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်မဲ့အစီအစဉ် လုပ်ဆောင်နေတယ်ဆိုတာ သူမယုံကြည်ကြောင်း ပြောတယ်လို့ ဗန်ကောက်ပို့စ်သတင်းစာက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရေးသားလိုက်ပါတယ်။
အဲဒီအကြောင်းတွေအပါအဝင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ပြန်ဖွင့်မဲ့ကိစ္စ၊ နယ်စပ်တိုင်းရင်းသား စစ်ပွဲတွေကိစ္စ အပါအဝင် ထွက်ပြေးလာနေကြတဲ့ စစ်ပြေးဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ သဘောထားသိရအောင် ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mr. Panitan Wattanayagorn ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က သီးသန့် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |