ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှုနဲ့ သံသယရှိသူကို ဖမ်းပေးဖို့ စစ်ကောင်စီကို ထိုင်းစာပို့
2023.10.11
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ဟောင်း Vichit Vichitmarn အသတ်ခံရမှုမှာ သံသယရှိတဲ့ မြန်မာလူငယ်ကို ကူညီဖမ်းဆီးပေးဖို့ ထိုင်းနိုင်ငံက စစ်ကောင်စီကို အကူအညီတောင်းထားပါတယ်။
အသက် ၆၃ နှစ်အရွယ် ထိုင်းသံအမတ်ဟောင်းဟာ စက်တင်ဘာလက အသတ်ခံခဲ့ရတာဖြစ်ပြီး သူ့အိမ်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးဆိုသူက သတ်သွားတာလို့ ထိုင်းရဲတပ်ဖွဲ့က သံသယရှိနေတာပါ။
စိုင်းမြတ်မိုးဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားတာကြောင့် ကူညီဖမ်းဆီးပေးဖို့ ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီကို အကူအညီတောင်းထားတာလို့ ဘန်ကောက်ပိုစ့် သတင်းက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ထိုင်းသံအမတ်ဟောင်းဟာ အသတ်ခံခဲ့ရတဲ့နေအိမ်ကို စက်တင်ဘာ ၉ ရက်နေ့မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စိုင်းမြတ်မိုးက အဲဒီနေအိမ်မှာ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး အလုပ်လုပ်နေတာလို့ ဆိုပါတယ်။
အဲဒီနောက် သံသယရှိတဲ့ လူငယ်က ထိုင်းသံအမတ်ကို ATM ကဒ်နဲ့ Password (လျှို့ဝှက်နံပါတ်)ပေးဖို့ ဓားထောက်ခြိမ်းခြောက်ပြီးနောက် သတ်သွားတာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောထားပါတယ်။ စိုင်းမြတ်မိုးဟာ အသတ်ခံရတဲ့ ထိုင်းသံအမတ်ဟောင်းရဲ့ ATM ထဲကနေ ထိုင်းဘတ်ငွေသိန်းချီ ထုတ်ယူပြီးနောက် မြန်မာနိုင်ငံဘက် ထွက်ပြေးသွားတာလို့လည်း ဆိုပါတယ်။
လုံခြုံရေးကင်မရာတွေမှာ တွေ့ရှိချက်အရ စိုင်းမြတ်မိုးဟာ ငွေထုတ်ပြီးနောက် ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်မြို့ကို ထွက်ပြေးသွားပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာ မယ်ဆိုင်စစ်ဆေးရေးဂိတ်ကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ဖြတ်ကျော်ဝင်ရောက်သွားတာ တွေ့ရတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောထားပါတယ်။
ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူကတော့ ဒီလူငယ်ဟာ ချင်းရိုင်ကနေ သူ့ရဲ့မွေးရပ်မြေ ရန်ကုန်ကို သွားဖို့ လေယာဉ်လက်မှတ်ဝယ်ယူခဲ့တဲ့သတင်း ရရှိထားတယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။ဒါကြောင့် ထိုင်းနိုင်ငံက စစ်ကောင်စီကို ကူညီဖမ်းဆီးပေးဖို့ စာပို့ထားတာပါ။
မကြာခင်မှာ သံသယရှိတဲ့ လူငယ်ကို ဖမ်းဆီးနိုင်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က မျှော်လင့်ထားကြောင်းလည်း ထိုင်းနိုင်ငံအခြေစိုက်သတင်းတွေက ဖော်ပြကြပါတယ်။