ထိုင်းနိုင်ငံကို တရားမဝင် လာရောက်မှုနဲ့ ဆယ်လအတွင်း မြန်မာ ၅၄၀၀ ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.11.21
ထိုင်းနိုင်ငံကို တရားမဝင် လာရောက်မှုနဲ့ ဆယ်လအတွင်း မြန်မာ ၅၄၀၀ ကျော် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဥ်။
MATICHON ONLINE

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာအထိ ဆယ်လအတွင်း မြန်မာ ၅၄၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi အဖွဲ့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ တာခ့်ခရိုင် မဲဆောက်ဒေသနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်က အမြန်လမ်းမပေါ်တွေမှာ ဖမ်းဆီးခံရမှု အများဆုံး တွေ့ခဲ့ရတာတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါသလို စစ်ကောင်စီတပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ FE5 Tanintharyi အဖွဲ့ရဲ့တာဝန်ရှိသူ ကိုကျော်က RFA ကို ပြောပါတယ်။

“ပုံမှန်အားဖြင့် အာဏာသိမ်းပြီးကတည်းက ထိုင်းဘက်ကို ဝင်ရောက်တာရှိပေမဲ့ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် ကိန်းဂဏန်းတွေ တအားထောင်တက်သွားတယ်။ ဝင်တဲ့သူတွေ တအားများလာသလို ဖမ်းဆီးခံရတဲ့ပမာဏလည်း ပိုမြင့်လာတာကို တွေ့ရတယ်။ တရားမဝင် ဝင်ရောက်တဲ့အခါမှာလည်း ဝင်ရတဲ့လမ်းကြောင်းက အလုံပိတ် ကားတွေထဲမှာ လိုက်ရတာ၊ ကားအသေးထဲမှာ လူအများကြီးစုပြုံပြီး လိုက်ရတာရှိတယ်။ အဝေးပြေးလမ်းမှာ ရဲကား တွေ့လို့တားရင် မောင်းပြေးကြလို့ ကားတိမ်းမှောက်လို့ သေကြတာ ရှိသလို အလုံပိတ် ကားထဲမှာပဲ လူတွေ တအားများလို့ အသက်ရှူမဝဘဲ သေကြတာတွေ ရှိတယ်”

ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကလည်း ထိုင်းနိုင်ငံကို လမ်းကြောင်းတစ်ခုအနေနဲ့ အသုံးပြုပြီး တတိယနိုင်ငံတွေကိုထွက်ခွာဖို့ ကြိုးစားလာကြတာလို့ သူက ပြောပါတယ်။

(FE5 Tanintharyi) ရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်ရဲ့ မတ်၊ ဧပြီနဲ့ မေတို့မှာ လစဥ် ဖမ်းဆီးခံရသူ လူရှစ်ရာနဲ့ တစ်ထောင်ကြားအထိ အများဆုံးရှိခဲ့ပြီး ကျန်လတွေမှာတော့ လူနှစ်ရာကနေ ငါးရာကြား လစဥ် ဖမ်းဆီးခံနေရတာကို တွေ့ရပါတယ်။

ဒီအရေအတွက်ဟာ ထိုင်း တော်ဝင်တပ်မတော်၊ ထိုင်းသတင်းမီဒီယာတွေနဲ့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့ရဲ့ သတင်းဖော်ပြချက်တွေကို စုစည်းထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက် အရေအတွက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် နည်းလမ်းနဲ့ ဝင်ရောက်ရာမှာလည်း ပွဲစားကို ဘတ်နှစ်သောင်းကနေ ငါးသောင်းထိ ပေးရပြီး အသက်အန္တရာယ် အာမခံချက် မရှိဘူးလို့လည်း FE5 Tanintharyi အဖွဲ့က ပြောပါတယ်။

အာဏာသိမ်းကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်း ဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။