မြန်မာအပါအဝင် သံသယရှိသူ ၁၅ ဦးနဲ့အတူ ငွေလိမ်လုပ်ငန်းသုံးပစ္စည်းတွေ ထိုင်းရဲ ဖမ်းဆီး
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ မြန်မာရှစ်ဦး အပါအဝင် သံသယရှိသူ ၁၅ ဦးနဲ့အတူ နည်းပညာသုံး ဆက်စပ်ပစ္စည်း အမြောက်အများကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။
ချင်းမိုင်ခရိုင်အတွင်းက နေအိမ် ၁၁ လုံးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းရှာဖွေရာမှာ ဖုန်းခေါ်ဆိုလိမ်လည်တဲ့အခါ အသုံးပြုတဲ့ ဖုန်းဆင်းကဒ်ပေါင်း ငါးသိန်းကိုးသောင်း၊ ဖုန်းအလုံးရေ ၁၄၅၅ လုံး၊ ကွန်ပျူတာ ၇၂ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ထိုင်းနိုင်ငံတွင်း ငွေလိမ်လုပ်ငန်းတွေကနေ ဖမ်းဆီးရမိတဲ့အထဲမှာ ပမာဏ အများဆုံးပဲလို့လည်း ဆိုပါတယ်။
အဲဒီဆက်စပ်ပစ္စည်းတွေနဲ့အတူ မြန်မာနိုင်ငံသား ရှစ်ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦးနဲ့ တရုတ်နိုင်ငံသား ငါးဦးကိုလည်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဒီငွေလိမ်လုပ်ငန်းဦးဆောင်သူ တရုတ်အမျိုးသားကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။
ဖမ်းခံရသူတွေထဲက အသက် ၃ဝ အရွယ် ထိုင်းအမျိုးသမီးဟာ လက်ရှိ ငွေလိမ်လုပ်ငန်းကို ဦးဆောင်နေတဲ့ တရုတ်အမျိုးသားရဲ့ဇနီး ဖြစ်ပါတယ်။
ထိုင်းအမျိုးသမီး ပြောဆိုချက်အရ သူ့ခင်ပွန်းဟာ ဒီလုပ်ငန်းအတွက် လိုအပ်တဲ့စက်ပစ္စည်းတွေ ဝယ်ယူတာ၊ အခုဖမ်းမိတဲ့ သံသယရှိသူတွေကို အလုပ်ခေါ်ယူခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူကတော့ ဒီလုပ်ငန်းလုပ်ကိုင်ဖို့ နေအိမ်တွေ ငှားရမ်းတာနဲ့ လိုအပ်တဲ့ကုန်ကျစရိတ်တွေ ပေးနေတာဖြစ်ပါတယ်။