မြန်မာဘက်ခြမ်း တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေးတင်းကျပ်

RFA Burmese
2024.04.05
မြန်မာဘက်ခြမ်း တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေးတင်းကျပ် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များ လုံခြုံရေးကင်းလှည့်နေသည်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AEC ထိုင်းသတင်းဌာန)
ဓာတ်ပုံ - AEC ထိုင်းသတင်းဌာန

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး သင်္ဃန်းညီနောင်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် (KNLA) မဟာမိတ် ပူပေါင်းတပ်တွေ ဧပြီ ၁ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ နယ်စပ်မှာ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဗုံးပေါက်ကွဲသံတွေကို နေ့စဉ်ကြားနေရသလို ထိုင်းတော်ဝင်စစ်တပ်က နယ်စပ်မှာ လုံခြုံရေး ကင်းလှည့်နေတယ်လို့ မဲဆောက်မြို့ကနေ မြန်မာပြည်နယ်စပ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

"မြန်မာဘက် သင်္ဃန်းညီနောင်နဲ့ ခမရ ၂၇၅ တပ်ဘက်မှာ တိုက်ပွဲက မိုးမလင်းခင်ပစ်နေ၊ ဗုံးကြဲနေတာ မဲဆောက်ကနေ တိုက်ပွဲသံတွေ ကြားနေရတယ်၊ ထိုင်းစစ်တပ်က နယ်စပ်လမ်းက ရွာတွေ လှေဂိတ်တွေ၊ စစ်ရှောင်စခန်းရှိတဲ့ နေရာတွေကို ကျေးရွာလုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ထိုင်းထောက်လှမ်း ရေးတွေ ပြောရမယ်ဆို အဖွဲ့စုံပေါ့ လိုက်ကင်းလှည့်တာပေါ့။ စစ်ရှောင်တွေ၊ လူနာတွေ ကမ်းကူးလာရင် သူတို့ ကူညီမယ်၊ လက်နက်တို့ခဲယမ်း ပို့တာတို့ဆို စစ်ဆေးမယ် ဖမ်းမယ်ပေါ့ အဲ့ လိုပုံစံမျိုး ရှိနေတာတွေ့ ရတယ်"

ဒါ့အပြင် ထိုင်းစစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ကင်းလှည့်စောင်ကြည့်ဖို့ နယ်စပ်လမ်းမတစ်လျှောက် ထိုင်းနယ်ခြားစောင့် စစ်စခန်းတွေမှာ စစ်ရေးအသင့်ပြင်ထားဖို့ သတိပေးထားတဲ့အကြောင်း ဒေသတွင်းသတင်းဌာနတွေမှာ ထုတ်လွှင့်နေတယ်လို့လည်း ဆိုပါတယ်။

မဲဆောက်၊ ဖုတ်ဖရ၊ မယ်လမတ်စတဲ့ နယ်စပ်မြို့တွေမှာလည်း အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းစစ်တပ်က နေ့စဉ်စစ်ဆေးဖမ်းဆီးနေတယ်လို့ မျက်မြင်ကြုံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။

"မနက်က ကျွန်တော် မြို့ထဲကိုအလုပ်လာတော့ မဲတောင် TK ကြီးလမ်းမတစ်လျှောက် စစ်သားတွေ ရဲတွေ ပတ်‌ပြီးကင်းလှည့်နေတာအများကြီးပဲ တွေ့တယ်၊ လမ်းမှာ အထောက်အထားမဲ့တွေ စစ်တယ် ဆိုင်ကယ်တွေ ကားတွေ စစ်တယ်၊ လူတွေအများကြီးပဲ ဖမ်းမိပြီးတော့ မဲဆောက်ရဲစခန်းဘက်ကို ဖမ်းခေါ်သွားတယ်"

ပြီးခဲ့တဲ့မတ်လကစပြီး ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီမြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းယူနေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတချို့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခိုလှုံတာတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။