ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု မြန်မာက ဒုတိယအများဆုံးဖြစ်
2025.01.10
၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယအများဆုံး ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် ပထမကိုးလမှာ မြန်မာနိုင်ငံက ဘတ် ၅ ဒသမ ၄၆ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၁၀၅၀ လုံး ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမကိုးလမှာတော့ ဘတ် ၂ ဒသမ ၂၅ တန်ဖိုးရှိတဲ့ ကွန်ဒို ၃၄၇ လုံးထက်မနည်း ဝယ်ယူမှုရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာတော့ မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူသူတွေကို ဘတ် ၃ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၅၆၄ လုံး ရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ ဘတ် ၂ ဒသမ ၅၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၃၄၉ လုံး ရောင်းချခဲ့ရတာကြောင့် ဝယ်လိုအား သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို တရုတ်နိုင်ငံသားတွေက အများဆုံးဝယ်ယူခဲ့ပြီး ဘတ် ၂၀ ဒသမ ၂ ဘီလီယံ တန်းဖိုးရှိတဲ့ ကွန်ဒို ၄,၃၈၆ လုံး ရောင်းချခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးနေရာကတော့ ဘန်ကောက်ဖြစ်ပြီး ဒုတိယအများဆုံးကတော့ ချွန်ဘူရီဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီနောက် နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို မြန်မာနိုင်ငံသားတွေဟာလည်း အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်နဲ့ တရားမဝင် နည်းနဲ့ပါ ထွက်ခွာနေကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။