တိုက်လေယာဉ်ကိစ္စ နှစ်ဖက်ပူးပေါင်းကြံစည်မှုရှိ မရှိ စစ်ဆေးဖို့ ထိုင်းအဖွဲ့တွေ လွှတ်တော်မှာတောင်းဆို

ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့က မြန်မာစစ်တပ်ရဲ့ ဖိုက်တာဂျက်တိုက်လေယာဉ်တစ်စီး ထိုင်းလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်မှာ ထိုင်းဘက်က တာဝန်ရှိသူတွေဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ထိုင်းတက်ကြွလှုပ်ရှားသူအဖွဲ့တွေက ထိုင်းလွှတ်တော်မှာ မနေ့က တောင်းဆိုလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင် ၇ ရက်က ဖော်ပြထားပါတယ်။
The Democracy Group ဆိုတဲ့အဖွဲ့နဲ့ နွန်သာဘူရီ မျိုးဆက်သစ်ကွန်ရက်အဖွဲ့တို့ ပူးပေါင်းပြီး ထိုင်းလွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ နေထိုင်တဲ့ ကရင်တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေကြား ပူးပေါင်းကြံစည်မှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က တာ့ခ်ခရိုင်၊ ပုပ္ဖရမြို့နယ်မှာ မစ်-၂၉ တိုက်လေယာဉ် ပျံဝဲတဲ့ ဖြစ်ရပ်ဟာ ကရင်တိုင်းရင်းသားတွေကို လူမျိုးရေးအရ ရှင်းလင်းဖို့ မြန်မာစစ်ကောင်စီနဲ့ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်နိုင်ကြောင်း ဒီတက်ကြွလှုပ်ရှားသူ အဖွဲ့နှစ်ဖွဲ့ သံသယရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ပူးပေါင်းကြံစည်မှု ရှိခဲ့တယ်လို့ ပေါ်ပေါက်ရင် ဒါဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့လည်း အဲဒီအဖွဲ့တွေက ပြောဆိုပါတယ်။
Democracy Group အဖွဲ့က ဆုမ်ရော့ ပရွတ်ဆာခါဆမ်ဆွတ် (Somyot Pruksakasemsuk) က စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲကို ကျူးကျော်ပျံသန်းခဲ့တဲ့ ဖြစ်ရပ်မတိုင်ခင် ဇွန်လ ၂၉ ရက်နေ့မှာ ထိုင်းစစ်တပ်က ဒု-ဗိုလ်ချုပ်ကြီး အပီချက် ဆူဆက် (Apichet Suesat) နယ်စပ်ဒေသကော်မတီအစည်းအဝေးတက်ဖို့ နေပြည်တော်ရောက်နေတာကို ထောက်ပြပြီး မြန်မာနဲ့ထိုင်း အာဏာပိုင်တွေ ပူးပေါင်းကြံစည်မှု ရှိနိုင်တယ်လို့ ထောက်ပြထားပါ တယ်။
ဒီဖြစ်ရပ်တွေဟာ ထိုင်းနဲ့ မြန်မာ အာဏာရှင်အစိုးရတွေက အာဆီယံနဲ့ ဒေသတွင်း လူသားမျိုးနွယ်ထုတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီဆိုတာ ပြသနေတယ်လို့ ဆုမ်ရော့ (Somyot) က ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်ပြည်သူတွေဟာ နီးနီးကပ်ကပ်ဆက်ဆံမှုတွေ ရှိတဲ့အတွက် မြန်မာဘက်က အဖြစ်အပျက်တွေဟာ ထိုင်းနိုင်ငံကိုလည်း ရိုက်ခတ်လာနေတယ်လို့ Move Forward Party ရဲ့ လွှတ်တော် အမတ် Rangsiman Rome က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။
မြန်မာလေတပ်က တိုက်လေယာဉ်ကျူးကျော်ပျံဝဲတဲ့ ကိစ္စ ဖြစ်ပြီးနောက်ပိုင်း အခြေအနေတွေထိန်းမရအောင် ဖြစ်လာနေတယ်လို့လည်း သူကပြောပါတယ်။