ထိုင်းက မြန်မာကို ဘတ်ကိုးသန်း ထောက်ပံ့မည်
2024.07.29
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ ၅၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ထိုင်းဘတ် ကိုးသန်း (ဒေါ်လာ နှစ်သန်းခွဲ) ထောက်ပံ့ကူညီသွားမယ်လို့ ကြေညာခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဇူလိုင် ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒီထောက်ပံ့ကူညီမှုကို မြန်မာနိုင်ငံ ပဋိပက္ခမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) ကတစ်ဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှု အကူအညီရဲ့ အကျိုးရလဒ်တွေကို မြန်မာနိုင်ငံက ပြည်သူတွေအားလုံး ရရှိနိုင်ရမယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီအပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက အဆိုပြုတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အကြံပြုချက်ကိုလည်း အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားနိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ထောက်ခံမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီကလည်း မြန်မာနိုင်ငံက တဖြည်းဖြည်း ဆိုးရွားလာတဲ့အခြေအနေတွေကို အရေးပေါ်ဖြေရှင်းဖို့လိုအပ်ပြီး အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကိုလည်း ဟန့်တားဖို့လိုအပ်တယ်လို့ ပြောထားပါတယ်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအို၊ အရင်နှစ် ဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ လာမယ့်နှစ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မလေးရှား သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားဆွေးနွေးတိုင်ပင်တဲ့ အလွတ်သဘောအစည်းအဝေးကို ဗီယန်ကျင်းမြို့မှာ ဇူလိုင် ၂၄ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။