မြန်မာ ၂၉ ဦး လိုက်ပါလာတဲ့ ယာဉ်တစ်စီး ထိုင်းမှာတိမ်းမှောက်

ထိုင်းနိုင်ငံ အနောက်ပိုင်းခရိုင်ထဲကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးလိုက်ပါလာတဲ့ ယာဉ်တစ်စီး ဧပြီ ၁ ရက်နေ့ကတိမ်းမှောက်ပြီး အဲဒီထဲက ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ဆန်ခလဘူရီခရိုင် ရဲတပ်ဖွဲ့ပြောဆိုချက်အရ အဲဒီယာဉ်ပေါ်မှာ လိုက်ပါလာတဲ့မြန်မာ ၂၉ ဦးထဲမှာ ၁၄ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲက ငါးဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
အဲဒီယာဥ်ပေါ် လိုက်ပါလာသူအားလုံးကို မြန်မာပြည်ပြန်ပို့မှာဖြစ်တယ်လို့လည်း ခရိုင်ရဲတပ်ဖွဲ့က ပြောထားပါတယ်။
သူတို့ဟာ မတ် ၃၁ ရက်နေ့ညမှာ ထိုင်းနယ်စပ်ကို ခြေလျင်ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ဒီကားနဲ့တစ်ဆင့် ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ ကြိုးစားတာဖြစ်ပြီး ယာဥ်တိမ်းမှောက်ချိန်မှာတော့ ယာဥ်မောင်းက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်း အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားတဲ့အကြောင်း ထိုင်းစစ်တပ်က ကြေညာထားတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက RFA ကို ပြောထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး မတ်လတစ်လအတွင်းမှာပဲ အဖမ်းခံရသူ တစ်ထောင်နီးပါးရှိတယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေကို ကိုးကားပြီး အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။