တစ်လအတွင်း ထိုင်းမှာ မြန်မာနိုင်ငံသား နှစ်ရာနီးပါး ဖမ်းဆီးခံရ
2023.09.29

စက်တင်ဘာလအတွင်း ထိုင်း-မြန်မာနယ်စပ်ကတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ဝဝ နီးပါးကို ထိုင်းအစိုးရ ဖမ်းဆီးထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအရေး ကူညီသူတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေတွေအရ ထိုင်းအစိုးရက အမှုဖွင့်အရေးယူသွားမှာ ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“အဲဒီဖမ်းမိတဲ့သူတွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့အမှုနဲ့ တရားမဝင်ပြည်ဝင်မှု လဝက အမှုတွေနဲ့ အရေးယူမယ်။ ယာဥ်မောင်းတွေကိုတော့ လူမှောင်ခိုအမျိုးအစားထဲမှာပါသွားပြီ။ ထိုင်းအစိုးရက နိုင်ငံခြားသားအလုပ်သမားတွေအတွက် အလေးပေးပြီး မစဥ်းစားနိုင်သေးတဲ့အချိန်မှာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ကောင်းတယ်။ ဝင်ငွေကောင်းတယ်ဆိုတဲ့ သတင်းအချက်အလက်က မှားနေတယ်။ အဲဒီသတင်းအချက်အလက်အမှားကို ပွဲစားတွေက မာယာနဲ့လှည့်ဖြားပြီး သူတို့အကျိုးအတွက် ထိုင်းနိုင်ငံမှာ အလုပ်ကောင်းရှိတယ်ဆိုပြီး ပွဲစားတွေရဲ့ လိမ်လည်လှည့်ဖြားမှုအောက်မှာ အိမ်ပေါင်၊ ခြံပေါင်၊ လယ်ပေါင်ပြီး လာရောက်နေရတယ် “
ထိုင်းအစိုးရအာဏာပိုင်တွေက ဒီလအတွင်း အဖမ်းအဆီးတင်းကျပ်ရာမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် တရားမဝင်နယ်စပ်လမ်းကြောင်းကတစ်ဆင့် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အများစု ဖမ်းဆီးခံနေရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်ရှာပေးမယ်ဆိုတဲ့ လူကုန်ကူးပွဲစားတွေကို ထိုင်းဘတ်ငွေ နှစ်သောင်းအထိပေးပြီး လာနေကြတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းအလုပ်သမားဦးစီးဌာနစာရင်းအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီနှစ် စက်တင်ဘာလ ၂၅ ရက်နေ့အထိ တစ်နှစ်အတွင်း ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်နေလို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသား ၁၈၅ဝ ပါဝင်ပါတယ်။
ထိုင်းအစိုးရရဲ့ တည်ဆဲ ထိုင်းလူကုန်ကူးမှုအက်ဥပဒေအရ လူကုန်ကူးခံရသူဟာ ထောင်ဒဏ် ခြောက်လကနေ တစ်နှစ်အထိ ကျခံရမှာဖြစ်ပြီး လူကုန်ကူးသူကတော့ ထောင်ဒဏ် တစ်နှစ်ကနေ လေးနှစ်အထိ ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကတော့ ထောင်ဒဏ် တစ်လခွဲကနေ သုံးလအထိ ကျခံရမှာဖြစ်ပါတယ်။