တစ်ပတ်ကျော်အတွင်း မြန်မာလူငယ် ၁၃၀ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ

RFA Burmese
2024.02.21
တစ်ပတ်ကျော်အတွင်း မြန်မာလူငယ် ၁၃၀ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ကို တွေ့ရစဉ်။
Thai News

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် တစ်ပတ်ကျော်အတွင်း ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသား လူငယ် ၁၃၀ ကျော် တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်လို့ အခုလို ထွက်ပြေးလာကြတဲ့အကြောင်း ဖမ်းဆီးခံရသူတွေက ပြောတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကိုပြောပါတယ်။

"စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနောက်ဆက်တွဲအနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကို မြန်မာနိုင်ငံဘက်ကနေ အရွယ်ကောင်းတဲ့မြန်မာတော်တော်များများတိမ်းရှောင်လာတာ တွေရတယ်၊ သို့သော်လည်း ထိုင်းနိုင်ငံရဲ့ နယ်ခြားစောင့်တပ်တို့ လဝကတို့၊ တော်ဝင်ဘုရင်တပ်တို့ကနေ သတင်းထုတ်ပြန်ချက်တွေအရ ၁၃၀၊ ၁၄၀ လောက်အဖမ်းခံရတယ်၊ အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့သူတွေကတော့ ဒီထက် လေးငါးဆလောက်ရှိတယ်၊ ကရင်ပြည်နယ်စပ်၊ မဲဆောက်၊ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ထိုင်းနိုင်ငံအလယ်ပိုင်း နကွန်ပထုံခရိုင် အဲဒီနေရာတွေမှာ အဖမ်းခံရတာပါ"

အဖမ်းခံရသူ ၁၃၀ ကျော်ဟာ ဖေဖော်ဝါရီလ ၁၄ ရက်ကနေ့ ၂၀ ရက်နေ့အထိ ဖမ်းဆီးခံရတဲ့အရေအတွက်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သတိပေးထားပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား အရေအတွက် သိသိသာသာတိုးလာတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကလည်း ဗီဇာလျှောက်ထားသူ အလွန်များလာတာကြောင့် တစ်ရက်ကို လေးရာသာ လက်ခံတော့မယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေဟာ လဝကဥပဒေအရ ၄၅ ရက်ကနေ ရက် ၉၀ အထိ ထောင်ဒဏ်ခံရနိုင်ပြီး လူအစုလိုက် အပြုံလိုက် အဖမ်းခံရမယ်ဆိုရင်တော့ လူကုန်ကူးမှုနဲ့ ထောင် လေးလကနေ တစ်နှစ်အထိ ချခံရနိုင်တယ်လို့လည်း ထိုင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ထိုင်းသံရုံးကနေ တရားဝင်ခွင့်ပြုထားတဲ့ ဗီဇာနဲ့ဖြစ်စေ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ တရားဝင်လက်မှတ်ရေးထိုးထားတဲ့ MOU စနစ်နဲ့ လာသင့်တယ်လို့ အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။