ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းလှေမှာ ပါလာသူတွေကို စစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်
2024.12.02
![ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းလှေမှာ ပါလာသူတွေကို စစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန် ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းလှေမှာ ပါလာသူတွေကို စစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်](https://burdev.rfaweb.org/burmese/news/thailand-myanmar-fishing-boat-12022024121306.html/@@images/9d0ff003-aa95-4aa9-9484-0ac1170df213.jpeg)
မြန်မာ့ရေပိုင်နက်ထဲမှာ တရားမဝင် ဝင်ရောက်ငါးဖမ်းခဲ့တဲ့ ထိုင်းငါးဖမ်းလှေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေ တွေ့ရတာကြောင့် စစ်ဆေးနေကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၂ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
လက်နက်မဟုတ်တဲ့ ပစ္စည်းတွေကို စစ်ဆေးတွေ့ရှိတာလို့ စစ်ကောင်စီကပြောပေမဲ့ ဘယ်လိုပစ္စည်းတွေကိုဆိုတာကိုတော့ တိတိကျကျထည့်သွင်း ပြောဆိုတာမရှိပါဘူး။
နိုဝင်ဘာ ၃ဝ ရက်နေ့ မနက် ၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ထိုင်းငါးဖမ်းစက်လှေတွေဟာ ကော့သောင်းမြို့နယ် မြန်မာ့ရေပိုင်နက်ထဲမှာ တွေ့ရှိတာကြောင့် စစ်ကောင်စီက စစ်ဆေးဖို့ခေါ်ယူရာမှာ ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးရာမှာ စက်လှေတစ်စီးကို ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လှေပေါ်မှာ ထိုင်းနိုင်ငံသားလေးဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီငါးဖမ်းလှေကို ထိုင်းနိုင်ငံသားတစ်ဦးက ပိုင်ဆိုင်တာဖြစ်ပြီး ထိုင်းအလုပ်သမားတစ်ဦးဟာ ထိုင်းဘတ်ငွေ တစ်သောင်းခွဲနဲ့ မြန်မာနိုင်ငံသားအလုပ်သမားတစ်ဦးဟာ ထိုင်းဘတ်ငွေ တစ်သောင်းနှစ်ထောင်ရရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
စစ်ကောင်စီရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်ဖမ်းဆီးခဲ့တာကို ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြောဆိုထားပါတယ်။ ဒါ့အပြင် ထိုင်းကာကွယ်ရေးဝန်ကြီးကလည်း ဖြစ်စဉ်အသေးစိတ်ကို ရှင်းပြဖို့နဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို စာပို့တောင်းဆိုထားပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း နိုဝင်ဘာ ၂ ရက်နေ့က ပြောဆိုရာမှာတော့ ထိုင်းငါးဖမ်းစက်လှေနဲ့ ထိုင်းနိုင်ငံသားတွေ ဖမ်းဆီးစစ်ဆေးနေတဲ့ အခြေအနေကို စစ်ကောင်စီက ထိုင်းနိုင်ငံတာဝန်ရှိသူတွေကို အကြောင်းကြားထားကြောင်းနဲ့ နှစ်နိုင်ငံ အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ပြောပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ထိုင်းငါးဖမ်းရေယာဉ်တွေကို မြန်မာရေတပ် ကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့တာကြောင့် ငါးဖမ်းသမားတစ်ဦး ရေနစ်သေဆုံးကြောင်း ပြောထားပါတယ်။
စစ်ကောင်စီကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနဲ့ ထိခိုက်သေဆုံးတာတွေ မရှိကြောင်း ငြင်းဆိုထားပါတယ်။